ငွေကြာရံကျောင်းတိုက်မှ သံဃာတော်တစ်ပါးနှင့် ကပ္ပိယတစ်ဦး COVID-19 ရောဂါဖြစ်ပွား

တောင်ဥက္ကလာပမြို့နယ်ရှိ ငွေကြာရံပရိယတ္တိစာသင်တိုက်မှ သံဃာတော်တစ်ပါးနှင့် ကပ္ပိယတစ်ဦး COVID-19 ရောဂါဖြစ်ပွားနေကြောင်း တောင်ဥက္ကလာပမြို့နယ် ကိုဗစ်အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်ထံမှ စုံစမ်းသိရသည်။

“ပိုးတွေ့တာက သံဃာတော်တစ်ပါးနဲ့ ကပ္ပိယတစ်ယောက်ပါ။ ရဟန်းတစ်ပါးနဲ့ လူတစ်ယောက်က အနံ့ပျောက်တော့ မြို့နယ်ကိုဆက်သွယ်လာတယ်။ အဲဒါနဲ့ ဧရာဝတီစင်တာကို Test Kit နဲ့သွားစစ်လိုက်တယ်။ သွားစစ်တာက နှစ်ဦးမှာ နှစ်ဦးလုံးပိုးတွေ့တာပါ” ဟု ဦးငြိမ်းချမ်းအောင်က ပြောသည်။

လက်ရှိတွင် ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့သည့် ငွေကြာရံကျောင်းတိုက်ကို Lock Down ပြုလုပ်ထားပြီး မနက်ဖြန်(အောက်တိုဘာ ၁၉ ရက်)တွင် ကျောင်းတိုက်မှ သံဃာတော်များ၊ လူပုဂ္ဂိုလ်များအားလုံးကို မြို့နယ်အဖွဲ့က နှာခေါင်းတို့ဖတ်နမူနာယူ စစ်ဆေးသွားမည်ဖြစ်သည်။

ပိုးတွေ့ရှိခဲ့သည့် သံဃာတော်နှင့်ကပ္ပိယတစ်ဦးကို ဧရာဝတီကုသရေးစင်တာတွင် ပို့ဆောင်ထားပြီးဖြစ်သည်။ ယင်းကျောင်းတိုက်တွင် သံဃာတော်စုစုပေါင်း အပါး ၈၀ ခန့်နှင့် လူပုဂ္ဂိုလ် ၄၀ ခန့်ရှိကြောင်း ဦးငြိမ်းချမ်းအောင်က ဆိုသည်။

တောင်ဥက္ကလာပမြို့နယ်၌ ငွေကြာရံပရိယတ္တိစာသင်တိုက်အပါအဝင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးစစ်ဆေးတွေ့ရှိသည့် ဘုန်းတော်ကြီးကျောင်း ၄ ကျောင်းရှိပြီး သီလရှင်ကျောင်း သုံးကျောင်းရှိပြီဖြစ်သည်။

သတင်း – စွမ်းရည်တိုး / စံတော်ချိန်
ဓာတ်ပုံ – Internet