ရုပ်သံပရိသတ်ရှေ့ တစ်ကျော့ပြန်ပေါ်ထွက်ရမယ့်အရေး အဒဲလ် စိတ်လှုပ်ရှား

အမေရိကန် ရုပ်သံအစီအစဉ်တစ်ရပ်ဖြစ်တဲ့ Saturday Night Live အစီအစဉ်မှာ တင်ဆက်သူအဖြစ် တစ်ကျော့ပြန်ပေါ်ထွက်လာရမယ့်အရေး စိတ်လှုပ်ရှားနေကြောင်း အဒဲလ်က သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ ရေးသားဖော်ပြလိုက်ပါတယ်။

အဒဲလ်က “ဒီအတွက် အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ အရမ်းလည်း ထိတ်လန့်နေပါတယ်။ ကျွန်မအတွက် ဂီတဖျော်ဖြေပွဲတစ်ခုနဲ့ SNL အစီအစဉ်ကို ပထမဆုံးအကြိမ် တင်ဆက်သူအဖြစ်ဆောင်ရွက်ရမှာဖြစ်ပါတယ်”လို့ အင်စတာဂရမ်မှာ ရေးထားကြောင်း ဒေးလီးမေးလ်သတင်းက ဆိုပါတယ်။

အဒဲလ်ဟာ SNL အစီအစဉ်မှာ ၂၀၁၅ ခုနှစ်က တစ်ကြိမ်ပါဝင်ခဲ့ဖူးပြီး “Hello” နဲ့ “When We Were Young” သီချင်း နှစ်ပုဒ် သီဆိုဖျော်ဖြေခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၅ ခုနှစ်နောက်ပိုင်း သီချင်းအသစ် မထွက်ခဲ့သလို ၂၀၁၆ ခုနှစ်နောက်ပိုင်းလည်း အဓိကဖျော်ဖြေပွဲကြီးတွေမှာ ပါဝင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ကိုးကား – Dailymail
သတင်း – မောင်ဇေယျ