မျက်နှာချိုချို အသံချိုချိုနဲ့ အဆိုတော်မီးမီးခဲအတွက် အမှတ်တရစကားသံများ

“အချစ်ကိုသိချိန်” တေးသီချင်းလေးက ပရိသတ်များရဲ့ နှုတ်ဖျားမှာ နေရာယူခဲ့ဖူးတဲ့သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ “တွဲလက်များ” “မင်း” “ထားခဲ့မယ့်ချစ်သူ” “အဝေးကချစ်သူ၊” “ငါ့ရဲ့မျက်ဝန်းညို” စတဲ့တေးသီချင်းတွေကလည်း အဆိုတော်မီးမီးခဲ ဆိုတဲ့မှတ်တိုင်တစ်ခု ဖြစ်လာစေတဲ့ အအောင်မြင်ဆုံးတေးသီချင်းများပဲဖြစ်ပါတယ်။

ပရိသတ်တွေအတွက် အခုလိုသီချင်းကောင်းတွေ ဖန်တီးပေးနိုင်ခဲ့တဲ့ အဆိုတော်ကောင်းတစ်ယောက် အကြွေစောလွန်းခဲ့တာဟာ မိသားစုတွေအတွက် မဖြေနိုင်သလို အနုပညာမောင်နှမတွေအတွက်လည်း ကြေကွဲဝမ်းနည်းရပါတယ်။ ပရိသတ်တွေအတွက်လည်း ၀မ်းနည်းကြေကွဲကြရပါတယ်။

မီးမီးခဲဟာ Iron Cross တီးဝိုင်းကိုတီထောင်သူ တေးရေးတေးဆိုစောဘွဲ့မှူးရဲ့သမီးထွေးဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၃၇ နှစ်သာရှိပါသေးတယ်။ မီးမီးခဲဟာ ပထမ အိမ်ထောင်ရေးမှာ အဆင်မပြေမှုများစွာရှိခဲ့ပေမယ့် ဒုတိယအိမ်ထောင်ရေးမှာတော့ သာယာပျော်ရွှင်တဲ့မိသားစုဘဝကိုပိုင်ဆိုင်ခွင့်ရခဲ့ပြီး သားတစ်ယောက် သမီးနှစ်ယောက်ရှိခဲ့ပါတယ်။ အဆိုတော်မီးမီးခဲဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်က ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ည ၉ နာရီ ၃၁ မိနစ်မှာကွယ်လွန်ခဲ့ပါတယ်။

မီးမီးခဲဟာ ‌တစ်ကိုယ်တော်တေးစီးရီးတွေအပြင် စုံတွဲ သီချင်းခွေများစွာထွက်ရှိခဲ့ပြီး ခရစ်ယာန်ဓမ္မတေးများစွာကိုလည်း သီဆိုခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်မှာ အဆိုတော်မီးမီးခဲဟာ ရန်ကုန်မြို့ကိုပြန်လာပြီး ” Back To You Show ” ဆိုတဲ့ပထမဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲကိုပြုလုပ်ခဲ့ပါတယ်။ ပွဲကရရှိတဲ့အနုပညာကြေးတွေကိုလည်း ဘ၀တူ ကင်ဆာဝေဒနာခံစားနေရသူတွေအတွက် လှူဒါန်းခဲ့ပါသေးတယ်။

ဂီတလောကမှာ နှစ်ပေါင်း ၂၀ ကျော်ကြာဖြတ်သန်းလာခဲ့တဲ့ မီးမီးခဲနဲ့ ဂီတအနုပညာလောကမှာ အဆိုတော်မီးမီးခဲကို ရင်းနှီးချစ်ခင်ကြတဲ့အနုပညာရှင်များစွာထဲက စံတော်ချိန်ဒစ်ဂျစ်တယ်အနေနဲ့ ဆက်သွယ်မေးမြန်းခွင့်ရတဲ့ အနုပညာရှင်တွေရဲ့ အမှတ်တရစကားသံတွေကို ဖော်ပြပေးလိုက်ပါတယ်။

အဆိုတော်ထွဏ်းထွဏ်း

ကျွန်တော်တို့ IC တီးဝိုင်းကိုတည်ထောင်ခဲ့တဲ့ လေးစားချစ်ခင်ရတဲ့ ဆရာစောဘွဲ့မှူးသမီးငယ်လေး အားလုံးကသိကြတဲ့ မီးမီးခဲ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်မှာ ဘုန်းတော်ဝင်စားခဲ့ပါတယ်။ သူနဲ့အမှတ်တရလို့ဆိုရင် ရေတွက်မကုန်ဘူး။ ကျွန်တော်မှတ်မိတယ်။ ကျွန်တော်တို့သီချင်းသွင်းဖို့ရှိလို့ ဆရာဘွဲ့မှုးကို ကားနဲ့သွားခေါ်ရင် ကျွန်တော်က ဆရာဘွဲ့အထုတ်တွေသယ်‌ပေးတဲ့အချိန် သူတို့မောင်နှမလေးတွေတန်းစီနေတာ။ ပါးပါးရေ တာ့တာဆိုပြီး လက်ပြနှုတ်ဆက်ကြတယ်။ အဲဒီကတည်းက သူတို့တစ်မိသားစုလုံးနဲ့ ချစ်ခင်ရင်းနှီးခဲ့ကြတာပါ။ အရွယ်ရောက်လာတော့ ဂီတနယ်ပယ်မှာ တစ်ယောက်တစ်မျိုးထူးချွန်ကြတယ်။ မီးမီးခဲကတော့ ပါရမီထူးတယ်။ အဖေ့ရဲ့ဂီတအနုပညာမှာ တေးရေးရော တေးဆိုရော အောင်မြင်တဲ့ ဆရာဘွဲ့ရဲ့ မျိုးဆက်ပါပဲ။ သူဂီတလောကထဲဝင်လာပြီးနောက်မှာ ကျွန်တော်နဲ့ သီချင်းတွေလဲအများကြီးဆိုခဲ့တယ်။ ကလေးဘ၀ကတည်းက ရင်းနှီးချစ်ခင်ရတဲ့ညီမငယ်လေး အခုသတင်းကြားသိလိုက်ရတဲ့အချိန် အင်မတန်ဝမ်းနည်းကြေကွဲရပါတယ်။ ၃၇ နှစ်ဆိုတာ အင်မတန်နေလို့ကောင်းတဲ့အရွယ်။ ဒါပေမယ့် သူကတော့ ဒီရောဂါဆိုးကြီးကနေလွတ်မြောက်သွားပြီ။ ဘာပဲဖြစ်ဖြစ် အားလုံးသောလူသားတွေ တစ်နေ့သွားရမယ့်လမ်း ဘယ်အချိန်သွားရမှာလဲ ဘယ်လိုသွားရမှာလဲ ဘယ်နေရာသွားရမှာလဲမသိတာ။ သေချာတာတစ်ခုကတော့ သွားကိုသွားရမယ့်ခရီးပါ။ ညီမလေး ‌မီးမီးခဲအတွက် ၀မ်းနည်းရပါတယ်။

ဂူးဂူးဟေမာန်

မီးမီးခဲနဲ့အမှတ်တရလို့ဆိုရင် ဂူးရယ် သူရယ် ဆုပန်ထွာရယ် မီးခဲအိမ်မှာ သင်္ကြန်သီချင်းလုပ်ခဲ့ကြတယ်။ အရမ်းပဲပျော်ဖို့ကောင်းခဲ့တယ်။ သူကမျက်နှာတအားချိုတာ။ အမြဲပြုံးတတ်တယ်။ စကားပြောလဲချိုတယ်။ သူနောက်ပိုင်းအကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားထွက်သွားပြီး ၂၀၁၉ ခရစ္စမတ်မှာ တစ်ခါပြန်ဆုံတယ်။ သူ့သားလေး သူ့သမီးလေးတွေနဲ့ ဓာတ်ပုံလေးတွေရိုက်ခဲ့ကြတယ်။ နဂိုကတည်းကအနေအေးပြီး အမြဲပြုံးတတ်သူမို့လားမသိဘူး။ သူကင်ဆာဝေဒနာခံစားတယ်သာပြောတယ်။ သူ့ကိုကြည့်ရင် အေးချမ်းပြီးတည်ငြိမ်တယ်။ သူ့ကြုံတွေ့ခဲ့ရတဲ့ ဒီရောဂါဆိုးအကြောင်း သူပြောပြတယ်။ ဒါပေမယ့် သူဟာ လူ့လောကမှာ သူ့အရွယ်နဲ့မမျှအောင် အရမ်းကိုပင်ပန်းခဲ့ရပါတယ်။ အခု အေးချမ်းတဲ့ မိသားစုဘ၀ရတဲ့အချိန်မှာ ဒီရောဂါဖြစ်လာတယ် ။ အခုတော့ သူ့မိသားစုကိုထားခဲ့သွားပြီ။ ဂူးတို့ချစ်ရတဲ့ ညီမငယ်လေး မီးမီးခဲ ဘုရားသခင်ရင်ခွင်မှာ သူအေးချမ်းသွားပြီ။ သူ့သီချင်းတွေကတော့ အမြဲရှိနေအုံးမှာပါ။

ဇာဇာထက်

ဇာထက် Sexy Model စလုပ်တော့ သန်လျင်ကဟိုတယ်တစ်ခုမှာ အဆိုတော်တစ်ယောက်ရဲ့ MTV ရိုက်ပေးတော့ အဲဒီဟိုတယ်မှာပဲ သူနဲ့ ရိုက်ကူးရေးဆုံကြတယ်။ ဇာထက်က သူ့ကိုတအားကြိုက်တာ။ ပြီးတော့ “အချစ်ကိုသိချိန်” အဲဒီသီချင်းကိုတအားကြိုက်တာ။ မမီးခဲက သူများနဲ့မတူတာ သူ့မျက်နှာလေးက ဒီတိုင်းလေးလဲ ပြုံးနေသလိုပဲ။ လူတစ်ယောက်ကိုတွေ့ရင်လည်း အမြဲပြုံးတယ်။ သူ့မျက်နှာလေးက အေးချမ်းတယ်။ အဲဒါကိုကြိုက်တယ်။ နောက်ပွဲတွေမှာဆုံဖြစ်တယ်။ စကားပြောကြတယ်။ ပုံလေးတွေရိုက်ကြတယ်။ မထင်မှတ်တဲ့အချိန်တစ်ခုမှာ ၀မ်းနည်းရပါတယ်။ သူကံကောင်းလာတဲ့အချိန်မှာ ဒီလိုရောဂါက၀င်လာတယ်။ ၃၇ နှစ်ဆိုတာ အရွယ်ကောင်းပါ။ ကိုယ်တွေလိုအပြင်လူတစ်ယောက်ကတောင် ၀မ်းနည်းကြေကွဲရတယ်ဆိုရင် သူ့ကိုသိပ်ချစ်တဲ့မိသားစုတွေ ဘယ်လိုခံစားနေမလဲ။ ဒီရောဂါက လူတိုင်းမရှင်နိုင်ဘူးဆိုပေမယ့် အကြွေစောတော့နှမြောမိတယ်။ သူ့အနုပညာ သူ့ဂီတတွေကတော့ ရှင်သန်နေမှာပါ။ သူစိုက်ထူခဲ့တဲ့ ဂီတမှတ်တိုင်တွေကို ပရိသတ်တွေကအမြဲအမှတ်ရနေမှာပါ။ အခုတော့ မမီးခဲ အေးချမ်းသွားပါပြီ။

လားဖောဆက်

မီးမီးခဲနဲ့က Sunday School အတူတူတက်။ ဘုရားသီချင်းတွေအတူတူဆိုပြီးကြီးလာတာ။ ကြီး‌လာတော့ သူကအပြင်ပလပ်ဖောင်းဘက်ပိုပြီးနာမည်ကြီးလာတယ်။ အစ်မက ဘုရားသီချင်းပွဲတွေလောက်ပဲဆက်ဆိုဖြစ်တယ်။ ပွဲတွေမှာတော့ တွေ့တယ်။ သူငယ်ချင်းဆိုတော့အမြဲတော့ဆက်သွယ်စကားပြောဖြစ်တယ်။ အကြောင်းအမျိုးအမျိုးကြောင့် သူနိုင်ငံခြားထွက်သွားတယ်။ သူတစ်ကိုယ်တော်ရှိုးလုပ်ဖို့ပြန်လာတော့ သူနဲ့အတူသွားလာပေးတယ်။ ပွဲပြီးတော့ ကင်ဆာဌာနမှာ အလှူသွားလှူကြတယ်။ အဲဒီကအပြန်မှာ သူကျွန်မကိုပြောတယ်။ သူငယ်ချင်း မင်းကိုသီချင်းတစ်ပုဒ်လက်ဆောင်ပေးမယ် မင်းနားထောင်ကြည့် မင်းကြိုက်ရင်ဆိုတဲ့။ ကျွန်မနားထောင်တော့အရမ်းကြိုက်သွားတယ်။ ဆိုမယ်ပေါ့။ အဲဒီလိုနေရင်းကနေ သူပြန်ဖို့နှစ်ရက်အလိုမှာ ကျွန်မကို ဖုန်းဆက်လာတယ်။ သူငယ်ချင်း ငါတို့နှစ်ယောက် စတူဒီယိုထဲမှာအသံသွင်းပြီး အမှတ်တရဆိုတာ တစ်ခါမှမရှိဘူး။ ဒီသီချင်းကို အမှတ်တရဆိုကြရအောင်ပြောလာတယ်။ ၀မ်းသာစွာနဲ့ဆိုကြမယ်ပေါ့။ သူပြန်ခါနီးဆိုတော့ အလုပ်များတာနဲ့တီးဖို့အဆင်မပြေတာနဲ့ သူဩစတြေးလျရောက်တော့ အသံသွင်းတယ်။ ကျွန်မက ဒီမှာအသံသွင်းတယ်။ အပြင်မှာအတူတူဆိုတာ‌မဟုတ်တော့ သူမှန်းသလောက်မကောင်းဘူးပေါ့။ ဒီသီချင်းကို သူမသေခင် မြန်မြန်ထွက်စေချင်တာလို့ ပြောလာတော့အရမ်းဝမ်းနည်းခဲ့ရတယ်။ အားလည်းပေးခဲ့တယ်။ သီချင်းထွက်လာတော့ သူအားမရဘူး။ နောက်ထပ်သီချင်းတစ်ပုဒ်ထပ်ပေးတယ်။ သူနေကောင်းလာခဲ့ရင် အတူတူဆိုမယ် မကြေပွဲနွှဲမယ်တဲ့ ။ သူသေသွားခဲ့ရင်တော့ နင်တစ်ယောက်တည်းဆိုနော်တဲ့ ကျွန်မအရမ်းစိတ်မကောင်းဖြစ်ရတယ်။ သူနဲ့ တောက်လျှောက် စကားပြောတယ်။ ကျမ်းစာလေးတွေ တရားဒေသနာတွေပို့ပေးတယ်။ အပြန်အလှန်ခွန်‌အားတွေပေးခဲ့တယ်။ အောက်တိုဘာ ၄ ရက်နေ့အထိပါပဲ။ နောက်ပိုင်း ကျွန်မပို့ပေးတဲ့ စာတွေ၊ ကျမ်းစာတွေက seen မဖြစ်တော့ဘူး အလုပ်များတယ်ပဲထင်တာ။ သူဆေးရုံသွားလိုက် အိမ်ပြန်လိုက်ဆိုတော့ သူပင်ပန်းလို့နားတယ် ဒါပဲထင်တာ။ မထင်မှတ်ပဲ ၁၆ ရက်နေ့မှာ ကျွန်မဆီဖုန်းတွေဝင်လာတယ်။ message တွေဝင်လာတယ်။ မမီးမီးခဲဆုံးပြီတဲ့။ ကျွန်မ ကြေကွဲရပါတယ်။ သူဆန္ဒတွေ ကျွန်မတို့အတူဖန်တီးခွင့်မရှိတော့ဘူးဆိုတာသိလိုက်ရတယ်။ ကျွန်မသူငယ်ချင်းဘုရားသခင်ဆီမှာ အေးချမ်းသွားပြီ။

အက်စတာဒွေး

ငယ်ငယ်ကတည်းက အစ်မရဲ့သီချင်းတွေနားထောင်ပြီး ပွဲတွေမှာဆိုဖြစ်ခဲ့တယ်။ အချစ်ကိုသိချိန်၊ အလွမ်းရထား သမီးအရမ်းကြိုက်ခဲ့တဲ့သီချင်းတွေပါ။ အစ်မနဲ့အတူတူ ကင်ဆာဌာနမှာအလှူသွားလုပ်တုန်းက ဪ . . ကိုယ်အားကျခဲ့ရတဲ့အဆိုတော် အစ်မနဲ့အတူတူ အလှူလုပ်ရတာ ၀မ်းသာလိုက်တာပေါ့။ သူလဲ အရမ်းပျော်ခဲ့ရတယ်။ တစ်နေ့စတူဒီယိုတစ်ခုမှာ‌ ဆုံတော့ သမီးအစ်မတို့ သီချင်းတစ်ပုဒ် အတူတူဆိုရအောင်ပြောလာတော့ ပြောမပြတတ်အောင်ဝမ်းသာခဲ့တယ်။ မမီးခဲရဲ့သီချင်းဟောင်းလေးပဲ ပြန်ဆိုကြတယ်။ သူကသီချင်းဆိုတာအသံကောင်းသလို စည်းစနစ်လဲကျတယ်။ သူစိတ်တိုင်းကျအောင်လုပ်တယ်။ အဲဒါနဲ့ မမီးမီးခဲနဲ့အမှတ်တရသီချင်းတစ်ပုဒ်ဆိုခွင့်ရခဲ့တယ်။ အခုလို အစောကြီးထွက်သွားတာ နှမြောသလို သူ့အတွက်က‌တော့ ဘုရားသခင်ဆီမှာ အေးချမ်းနေပါပြီ။

ဆက်သွယ်မေးမြန်း – ထူးထူး/စံတော်ချိန်