နိုင်ဂျီးရီးယားမှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ကြောင်း စွပ်စွဲချက်အပေါ် စုံစမ်းသွားမယ်

နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့ လက်ကီခရိုင်မှာ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် စုံစမ်းစစ်ဆေးသွားမယ်လို့ နိုင်ဂျီးရီးယားအစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံအတွင်း အကြမ်းဖက်လုယက်မှုတွေများလာတာကြောင့် လုယက်မှုတိုက်ဖျက်ရေးအထူးရဲတပ်ဖွဲ့(SARS) ကို တပ်ဖြန့်ခဲ့ရာမှာ အထူးရဲတပ်ဖွဲ့ရဲ့ကိုင်တွယ်ကြီးကြပ်ပုံဟာ ရက်စက်ကြမ်းကြုတ်လွန်းတာကြောင့် အဲဒီရဲတပ်ဖွဲ့ကို ဖျက်သိမ်းပေးဖို့အထိ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက ဆန္ဒပြတောင်းဆိုမှုတွေရှိခဲ့ပါတယ်။

ဆန္ဒပြမှုတွေပြင်းထန်လာလို့ လာဂို့စ်နဲ့တခြားဒေသတွေမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားခဲ့ပြီးနောက် နာရီပိုင်းအကြာမှာတင် အမိန့်ဖီဆန်သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ရုပ်အလောင်း ၂၀ ခန့်ရှိသလို အနည်းဆုံး လူ ၅၀ ဦးခန့်လည်း ဒဏ်ရာရသွားတယ်လို့ မျက်မြင်တွေ့ရှိခဲ့သူတို့က ဆိုပါတယ်။

ကိုးကား – Aljazeera
သတင်း – မောင်ဇေယျ