ဘရာဇီး၌ COVID-19 ကုထုံးစမ်းသပ်မှုအတွင်း စေတနာ့ဝန်ထမ်းတစ်ဦး သေဆုံး၊ ကမ္ဘာတစ်ဝန်းစမ်းသပ်မှုများအနက် ပထမဆုံးသေဆုံးသူဖြစ်လာ

ဘရာဇီးနိုင်ငံ၌ အောက်စဖို့တက္ကသိုလ်နှင့် အက်စထရာဇင်နီကာဆေးဝါးကုမ္ပဏီတို့ပူးပေါင်းဆောင်ရွက်နေသည့် COVID-19 ကာကွယ်ဆေးစမ်းသပ်ထုတ်မှုလုပ်ငန်းခွင်အတွင်း ဆေးဘက်ဆိုင်ရာ ကုထုံး စမ်းသပ်မှုခံယူနေသည့် စေတနာ့ဝန်ထမ်းတစ်ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ယမန်နေ့က အတည်ပြုခဲ့သော်လည်း COVID-19 ကာကွယ်ဆေးကြောင့်မဟုတ်ဘဲ ဆေးဝါးကုထုံးများစမ်းသပ်ရာတွင် အသုံးပြုသည့် ပလာစီဘိုဆေးဝါးတစ်မျိုးကိုသာ သုံးစွဲခဲ့ကြောင်း သတင်းမီဒီယာများ၏ဖော်ပြချက်အရ သိရသည်။

ယင်းမှာ ကမ္ဘာတစ်ဝန်းတွင်လုပ်ဆောင်နေသည့် များပြားလှသော ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးစမ်းသပ်မှုများအနက် ပထမဆုံးလူသေဆုံးမှုဖြစ်လာခဲ့သည်။

သို့ရာတွင် လေ့လာရေးအဖွဲ့များ၏ လွတ်လပ်သောအပြန်အလှန်သုံးသပ်ချက်များအရ ဘေးကင်းလုံခြုံမှုအပေါ် စိုးရိမ်စရာမရှိဘဲ အက်စထရာဇင်နီကာကုမ္ပဏီနှင့်အတူ လေ့လာစမ်းသပ်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟုဆိုသည်။

သတင်းမီဒီယာများ၏ဖော်ပြချက်အရ သေဆုံးသူစေတနာ့ဝန်ထမ်းမှာ COVID-19 ပြဿနာများအတွင်း ရှေ့တန်းမြေပြင်၌ တာဝန်ထမ်းဆောင်နေသည့် အသက် ၂၈ နှစ်အရွယ် ဆရာဝန်တစ်ဦးဖြစ်ကြောင်း သိရသည်။

ဘရာဇီး၌ဖြစ်ခဲ့သည့်ပြဿနာအပေါ် အလေးအနက်သုံးသပ်နေပြီး ဆေးဘက်ဆိုင်ရာကုထုံးဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်ဖွယ်မရှိကြောင်းနှင့် လေ့လာမှုများကိုဆက်လက်လုပ်ဆောင်နိုင်ကြောင်း ဘရာဇီးဆေးဘက်ဆိုင်ရာစဉ်းမျဉ်းစည်းကမ်းထိန်းသိမ်းသူများက မှတ်ချက်ပေးထားသည်ဟု အောက်စဖို့ဒ်တက္ကသိုလ်ကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စမ်းသပ်မှုများအတွင်း ဆေးဘက်ဆိုင်ရာလျှို့ဝှက်ချက်များကို မည်သည့်စေတနာ့ဝန်ထမ်းကိုမှ ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသော်လည်း လွတ်လပ်သောပြန်လှန်သုံးသပ်ချက်များအရ ကုထုံးလေ့လာစမ်းသပ်မှုများ ဆက်လက်လုပ်ဆောင်ခြင်းနှင့်ပတ်သက်ပြီး မည်သည့်စိုးရိမ်ဖွယ်ရာမှမရှိကြောင်း အက်စထရာဇင်နီကာကုမ္ပဏီကပြောသည်။

အဆိုပါလူသေဆုံးမှုမှာ ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်ကဖြစ်ပွားခဲ့ကြောင်း ဘရာဇီးအမျိုးသား ကျန်းမာရေး လေ့လာစောင့်ကြည့်ရေးအေဂျင်စီ(Anvisa)အတည်ပြုထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း ဆေးဝါးစမ်းသပ်မှုခံယူနေသည့် ဗြိတိန်ဗော်လံတီယာတစ်ဦးတွင် အဖြေရှာမရသည့် ဖျားနာရောဂါဖြစ်ပွားခဲ့ပြီးနောက် ဘရာဇီးနိုင်ငံ၌ အောက်စဖို့တက္ကသိုလ်နှင့် အက်စထရာဇင်နီကာဆေးဝါးကုမ္ပဏီတို့၏ လေ့လာစမ်းသပ်မှုများကို ဆိုင်းငံ့ခဲ့ရသေးသည်။ သို့သော်လည်း ဗြိတိန်စောင့်ကြည့်လေ့လာသူများ၏ လွတ်လပ်သောပြန်လှန်သုံးသပ်ချက်များအရ အဆိုပါဖျားနာမှုမှာ ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးနှင့် မသက်ဆိုင်ကြောင်းတွေ့ရှိပြီးနောက် လေ့လာမှုများကိုပြန်လည်လုပ်ကိုင်ခဲ့သည်။

စေတနာ့ဝန်ထမ်းများအနက် ထက်ဝက်ခန့်မှာ နောက်ဆုံးအဆင့်လက်တွေ့စမ်းသပ်မှုများလုပ်ဆောင်ပြီးဖြစ်ပြီး ဘရာာဇီးနိုင်ငံ၌ စေတနာ့ဝန်ထမ်း ၈၀၀၀ ခန့်နှင့် ကမ္ဘာတစ်ဝန်းတွင် လူပေါင်း ၂၀၀၀၀ ကျော်ကို ကာကွယ်ဆေးများထိုးနှံပေးပြီးဖြစ်ကြောင်း ဘရာဇီးနိုင်ငံ၏ ကာကွယ်ဆေးစမ်းသပ်မှုများတွင်ပါဝင်ကူညီနေသည့် D’Or သင်ကြားရေးနှင့်သုတေသနအင်စတီကျု(IDOR)ကပြောသည်။

သတင်း – နေသွေးဈာန်
ကိုးကား – SCMP