ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးစစ်တပ် လေကြောင်းမှ အချိန်ကြာမြင့်စွာ ပစ်ခတ်တိုက်ခိုက်

ပါလက်စတိုင်းစစ်သွေးကြွများဘက်က ဒုံးကျည်နှစ်လုံး ပစ်လွှတ်ခဲ့ပြီးနောက် အစ္စရေးစစ်တပ်ဟာ ယမန်နေ့ည တစ်ညလုံး ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းကနေ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ပါလက်စတိုင်းစစ်သွေးကြွတွေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် နှစ်လုံးထဲက တစ်လုံးကို အစ္စရေးဒုံးကျည်ကာကွယ်ရေးစနစ်က ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ပြီး နောက်တစ်လုံးကတော့ မြေနေရာလွတ်တစ်ခုအပေါ် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

အဲဒီနောက် ညတွင်းချင်းပဲ အစ္စရေးတိုက်လေယာဉ်နဲ့ တခြားစစ်လေယာဉ်တွေဟာ ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်စ်စစ်သွေးကြွတွေရဲ့ လက်နက်တိုက်နဲ့ မြေအောက်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။

ဟားမက်စ်စစ်သွေးကြွတွေဟာ ၂၀၀၇ ခုနှစ်ကစလို့ ဂါဇာဒေသကို အုပ်ချုပ်ခဲ့ပြီး အဲဒီနောက်ပိုင်း အစ္စရေးနဲ့ စစ်မက် ၃ ကြိမ်ဖြစ်ပွားခဲ့သလို မကြာခဏဆိုသလို အပြန်အလှန် ပစ်ခတ်မှုတွေလည်း ဖြစ်ပွားကြောင်း AP သတင်းတစ်ရပ်က ဆိုပါတယ်။

ကိုးကား – AP
သတင်း – မောင်ဇေယျ