ကိုယ်စားလှယ်များ အရည်အသွေးပြည့်ဝပါစေ

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပတော့မည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးသည့် ရွေးကောက်ပွဲဖြစ်ရာ ကျင်းပမည့်ရက် နီးကပ်လာသည်နှင့်အမျှ ပြိုင်ဆိုင်မှုများလည်း ပိုမိုပြင်းထန်လာသည်။ ကိုဗစ်ကာလအတွင်း ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သည့်အလျောက် စိန်ခေါ်မှုများစွာ ရှိနေသဖြင့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ယခင်ရွေးကောက်ပွဲများကဲ့သို့ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံး ခြင်းများကို လုပ်ဆောင်နိုင်ခြင်း မရှိတော့ပေ။ သို့သော်လည်း လွှတ်တော်အသီးသီးအတွက် ရွေးကောက်တင်မြှောက်ခံရသည့် ကိုယ်စားလှယ်များသည် မဲဆန္ဒရှင်များကို ကိုယ်စားပြုခြင်း၊ အစိုးရ၏မူဝါဒလုပ်ငန်းများကို စောင့်ကြည့်စစ်ဆေးခြင်း၊ ဥပဒေပြုခြင်း စသည့် တာဝန်များရှိသည်ဖြစ်ရာ မိမိထမ်းဆောင်ရမည့် တာဝန်များနှင့် လိုက်လျောညီထွေရှိမည့် ဝမ်းစာများ ဖြည့်တင်းကြရန် လိုအပ်သကဲ့သို့ မဲဆန္ဒရှင်များ ယုံကြည်ကိုးစားသည့် ဒေါင်ဒေါင်မြည် ပြည်သူ့ ကိုယ်စားလှယ်ဖြစ်လာရန်အတွက်လည်း အထူးကြိုးပမ်းအားထုတ် သင့်သည်။

ယမန်နှစ်က ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့ (PACE)၏ စစ်တမ်းတစ်စောင်တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်းများနှင့်ပတ်သက်၍ နိုင်ငံသားအများစုက ၎င်းတို့၏ ပြည်ထောင်စုအဆင့် လွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဒေသဆိုင်ရာ ပြဿနာများနှင့် ကိစ္စရပ်များကို ပိုမိုနားလည် သဘောပေါက်ရန် ကြိုးပမ်းသင့်ပြီး ဒေသတွင်းရှိ ဖွံ့ဖြိုးရေးစီမံကိန်းများ၏ အရည်အသွေးမြင့်မားလာအောင် ကြိုးပမ်းသင့်သည်ဟု မှတ်ချက်ပြု ထားကြောင်း ဖော်ပြထားသည်။ ဤအချက်က လွှတ်တော်ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်နှင့် ဝမ်းစာပြည့်ဝရေးသည် နိုင်ငံသားများ၏ နိုင်ငံရေး မျှော်မှန်းချက်အတွက် လွန်စွာအရေးကြီးကြောင်းကို ညွှန်ပြလျက်ရှိသည်။ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အသွေးကိုတိုင်းတာရာ၌ အကျင့်သိက္ခာပျက်ပြားမှု၊ ပေးအပ် သော တာဝန်များအပေါ် ကျေပွန်စွာ မထမ်းဆောင်မှု၊ ပြည်သူလူထုနှင့် ဆက်ဆံရေးပြေပြစ်မှု၊ ပြည်သူလူထုအတွက် အကျိုးရှိစေမည့်ဥပဒေများ ပြဋ္ဌာန်းနိုင်အောင် တွန်းအားပေးဆောင်ရွက်မှု၊ လွှတ်တော်တွင်း မေးမြန်းမှု၊ အဆိုတင်သွင်းမှုများအပေါ် အကဲခတ်ရုံဖြင့် သိသာစေသည်။

လွှတ်တော်ကိုယ်စားလှယ်ဟူသည် ပြည်သူတို့က ၎င်းတို့ ကိုယ်စား တာဝန်ယူဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ပေးလိုက်သော ပြည်သူ့ကိုယ်စားလှယ်များဖြစ်ရာ ဒီမိုကရေစီနိုင်ငံများတွင် ၎င်းတို့ကို ပြည်သူ့အစေခံ (Public Servant) ဟုပင် ခေါ်ဝေါ်ကြသည်။ ပြည်သူ့အသံများကို အခါအားလျော်စွာ နားထောင်၍ လွှတ်တော်သို့ အစီရင်ခံတင်ပြခြင်း၊ မေးခွန်းမေးမြန်းခြင်း၊ လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်များ၏ လုပ်ငန်းတွင် ကျွမ်းကျင်မှု အလိုက် ပါဝင်ဆောင်ရွက်ရသည်။ ဒုတိယအကြိမ် လွှတ်တော် သက်တမ်းကာလအတွင်း လွှတ်တော်အသီးသီး၏ ကိုယ်စားလှယ်အများစုမှာ မိမိတို့၏တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်မှု များရှိသော်လည်း အနည်းစုဖြစ်သော ကိုယ်စားလှယ်အချို့မှာ တာဝန်ကို ပေါ့လျော့စွာ ထမ်းဆောင်ခဲ့ကြသည်ကို တွေ့မြင်ရသည်။ ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်/တိုင်းဒေသကြီးအဆင့် လွှတ်တော် သုံးရပ်စလုံး၌ အရပ်သားလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၀၀၀ ကျော်ရှိသော်လည်း အချို့သော ကိုယ်စားလှယ်များသည် မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်းများ လုံးဝမရှိ သည့်အနေအထားမျိုးလည်း ရှိနေသည်။

အချုပ်အားဖြင့်ဆိုရလျှင် လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံရေးပါတီတစ်ခုခု၏ ခန့်အပ်မှုဖြင့် လွှတ်တော်ခန်းမအတွင်းသို့ ရောက်ရှိလာခြင်းမဟုတ်ဘဲ သက်ဆိုင်ရာဒေသအသီးသီးရှိ မဲဆန္ဒရှင်များ၏ ရွေးချယ်မှုဖြင့် ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်လာကြသူများ ဖြစ်သည်။ ထို့ကြောင့် မဲဆန္ဒရှင်များ၏ ယုံကြည်အားကိုးထိုက်သူများ ဖြစ်လာစေရေးအတွက် မိမိကိုယ်ကို အမြဲတစေ ပြုစုပျိုးထောင်၍ စွမ်းဆောင်ရည်ထက်မြက်နေစေရန် လုပ်ဆောင်သင့်သည်။ ထိုသို့ မဟုတ်ဘဲ လွှတ်တော်ခန်းမထဲဝင်ထိုင်ကာ မိမိကိုယ်မိမိ အရည် အသွေးပြည့်ဝစေရေးအတွက် ကြိုးပမ်းအားထုတ်မှုမရှိပါက ပြည်သူလူထုအတွက်လည်းနစ်နာ၊ တိုင်းပြည်အတွက်လည်း အကျိုးမရှိသူ များသာ ဖြစ်နေပေမည်ဟု စံတော်ချိန်က ရှုမြင်ပါသည်။