မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျင်သိန်းအား ဆက်သွယ်မေးမြန်းခြင်း

“လက်ရှိမှာ ကုန်တင်ကားတွေက လမ်းမှာ အခက်အခဲရှိပါတယ်။ ၇၂နာရီကိုလည်း ခရီးစဉ်တစ်ခုအနေနဲ့ ဖြေလျှော့ပေးစေချင်တယ်”

ကိုဗစ်(၁၉)ဒုတိယလှိုင်း ပြင်းထန်လာသည့်အချိန်တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့တွင် ရောဂါပိုးတွေ့ရှိလာခြင်းနှင့် တစ်ဖက်တွင် ကုန်စည်စီးဆင်းရေးကို မပြတ်တောက်စေရန်အတွက် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို RDT Antigen Test Kit များအသုံးပြု၍ စစ်ဆေးလျက်ရှိသည်။ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား ထုတ်ပေးမည့် COVID-19 ကင်းရှင်းကြောင်း Certificate သက်တမ်းကာလကို ၇၂ နာရီ သတ်မှတ်ထားသည်။ မူလအခြေစိုက်ရာအရပ်မှ စတင်ထွက်ခွာချိန် တစ်ကြိမ်စစ်ဆေးခြင်း၊ ခရီးလမ်းဆုံးဒေသသို့ အဝင်တွင် တစ်ကြိမ် စစ်ဆေးခြင်းနှင့် မူရင်းအရပ်သို့ ပြန်လည် ဝင်ရောက်သည့် အဝင်တွင် တစ်ကြိမ်စစ်ဆေးခြင်း စသဖြင့် ခရီးစဉ်အစအဆုံးသုံးကြိမ် စစ်ဆေးကြောင်း သိရသည်။ Test Kits ဖြင့် စစ်ဆေးရာတွင် တစ်ကြိမ်စစ်ဆေးခကို စတင်စစ်ဆေးစဉ်က ကျပ် ၂၀၀၀၀ ကောက်ခံခဲ့ပြီး ယခုအချိန် တွင် ကျပ် ၁၀၀၀၀ သို့ ပြောင်းလဲကောက်ခံခဲ့ကြောင်းသိရသည်။ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ထိုကဲ့သို့ စစ်ဆေးခြင်းများ လုပ်ဆောင်ရာတွင် ကုန်စည်စီးဆင်းမှုနှေးကွေးသွားခြင်းနှင့် ကုန်ကားအရေအတွက် ကျဆင်းသွားခြင်းများ ကြုံတွေ့နေရသည့် အခြေအနေနှင့် ပတ်သက်၍ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးလှုပ်ရှားမှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျင်သိန်းအား စံတော်ချိန်က ဆက်သွယ်မေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်-

မေး – ကုန်တင်ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တွေကို Swab Test ယူတဲ့အခါမှာ အခက်အခဲရှိတယ်ဆိုတာကို သိရပါ တယ်။ ဘယ်လိုအခက်အခဲမျိုးရှိပါသလဲ။

ဖြေ – ကားသမားတွေက ရန်ကုန်က ထွက်တယ်။ မန္တလေး ရောက်တော့ တချို့လည်း ကုန်ရှာတာနဲ့ သုံးရက်ပြည့်သွားတော့ နောက်တစ်ခါပြန်ပြီး ဆေးစစ်ချက်ခံရတယ်။ တစ်လှည့်စီ စစ်ရတဲ့အခါမှာ မန္တလေးအပါအဝင် ကျန်တဲ့ တခြားမြို့တွေမှာ သုံးရက်ကျော်သွားတဲ့ကားတွေက ပြန်ပြီးဆေးစစ်ခံရတယ်လို့ ပြောကြတယ်။ တချို့လည်း နှာခေါင်းထဲမှာ စစ်တာကိုကြောက်ပြီးတော့ မသွားတော့ဘူး။ မသွားတော့ ကားအစီးရေ နည်းလာ တယ်။ တချို့လည်း ဘာဆက်ဖြစ်မလဲ စောင့်ကြည့်နေရင်း ကားအစီးရေ တစ်ဝက်လောက်ပဲ ကျန်တော့တာပေါ့။ လက်ရှိ ပြေးဆွဲနေတဲ့ ကားလေးတွေက ရပ်သွားတဲ့ တစ်ဝက်စာကို ကုန်စည်စီးဆင်းမှုမြန်အောင် အင်တိုက်အားတိုက် ဆန္ဒတွေ စောပြီး အခေါက်ရေပိုရအောင် မောင်းကြတယ်။ အခေါက်ရေ ပိုရအောင် မောင်းပေမယ့် လမ်းပေါ်မှာ စည်းကမ်းချက်တွေ ရှိပြန်တော့ အဆင်မပြေပြန်ဘူး။ ကုန်စည်စီးဆင်းမှု အခက် အခဲရှိလာတဲ့အခါမှာ ပေါတဲ့နေရာ အရမ်းပေါပြီး ရှားတဲ့နေရာ အရမ်းရှားလာတယ်။ အခုဆိုရင် ရှမ်းတောင်ဘက်မှာ ပြောင်းတွေ ပေါနေပြီ။ မြ၀တီဘက်မှာလည်း နယ်စပ်ကိုကူးလို့မရတဲ့ ပြဿနာရှိတော့ ကားတွေကလည်း အခက်အခဲရှိတယ်။ မူဆယ်ဘက်မှာလည်း ဖရဲ၊ သခွားကားတွေ နည်းနည်းများနေတယ်။ ပုံမှန်အားဖြင့် ဒီအချိန်ဟာ ကုန်သွယ်ရေး အား အကောင်းဆုံးအချိန်ဖြစ်တယ်။၁၀လပိုင်းကစပြီး သင်္ကြန်ပြီးဆုံး တဲ့အချိန်အထိ ကုန်စည်စီးဆင်းမှု အားအကောင်းဆုံးအချိန် ဖြစ်တယ်။ ခရီးသွားရာသီလည်းဖြစ်တယ်။ အခုအချိန်မှာ ခရီး သွားလည်းမရှိဘူး။ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေကလည်း အားလုံး လုပ်ငန်းတွေ မကောင်းကြဘူး။ လုပ်ငန်းတွေမကောင်း ကြတဲ့အချိန်မှာ ကုန်စည်စီးဆင်းမှုကလည်း ခက်နေတယ်။ ကုန်စိမ်းဆိုတာကလည်း စက်ရုံထုတ်ကုန်တွေလို မဟုတ်ဘူး။ တောသူ တောင်သားတွေဆိုတာက သူတို့စိုက်ခင်းက ပေါ်လာ တဲ့ အချိန်မှာရောင်းပြီး အဲဒါနဲ့ပြန်ရင်းနှီးရတာ ဖြစ်တယ်။ အောက်တိုဘာလဆန်းက လမ်းမှာ ဆေးစစ်ချက်တွေ ကြာလို့ ဂေါ်ဖီတွေပုပ်ပြီး လေလွင့်တာတွေရှိတယ်။ ဆုံးရှုံးမှုတွေ ရှိလာတော့ တောင်သူတွေကလည်း အထိနာနေပြီ။

မေး – မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှာ ကုန်တင်ကားပေါင်း ဘယ်လောက် ရှိပါသလဲ။ စီးပွားရေးအရ ထိခိုက်မှုတွေ ဘယ်လောက်ဖြစ်သွားခဲ့ပါသလဲ။

ဖြေ – အခုကတော့ ကုန်တင်ကားတစ်ဝက်လောက် ကျသွားတယ်။ အရင်အတိုင်းဆိုရင် ကားအစီးရေ ၄၀၀၊ ၅၀၀ လောက် ရှိတာပေါ့။ အခုကတော့ ကားအစီးရေ ၂၀၀ လောက်ပဲပြေးဆွဲတယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ စည်းကမ်း ညွှန်ကြားချက်များကိုလည်း လိုက်နာဖို့က တာဝန်ရှိပါတယ်။ ပြောချင်တာက ရန်ကုန်တိုင်းဒေသကြီးအစိုးရကို အခြားတိုင်း ဒေသကြီးနဲ့ပြည်နယ်က အားကျစေချင်တယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ လူနာတွေလည်းတိုးတယ်။ ဒါပေမဲ့ အစိုးရတစ်ဖွဲ့ လုံးကလည်း စွမ်းစွမ်းတမံ လုပ်ပေးနေတဲ့အတွက်ကြောင့် ကုန်စည်ပြတ်လပ်မှု မရှိဘူး။ အသား၊ငါး၊ကဏ္ဍမှာ ဈေးတက်ပေမယ့်လည်း အရမ်းကြီးတော့ ဈေးမတက်ဘူး။ဘာကြောင့် မတက်လဲဆိုတော့ ဟိုတယ်တွေက မဖွင့်သေးတော့ သုံးရမယ့်ကုန်နဲ့ သဟဇာတဖြစ်နေပါတယ်။

“ခရီးတစ်ခုကို သုံးခါလောက် စစ်ရတယ်ဆိုတော့ တချို့ကားသမားတွေကလည်း ကြောက်နေတယ်။ အသက်မွေးဝမ်းကျောင်းက ကားသမားသည် ကားပဲ မောင်းတတ်တာဆိုတော့ ကြာရင် နှာခေါင်းအနာဖြစ်မှာ စိုးရိမ်တော့ တချို့ကားသမားတွေက နားကုန်ပြီ။”

မေး – ကိုဗစ်ကာလမှာ အဝေးပြေးကုန်တင်ကားမောင်းသူတွေ အနေနဲ့ ဘယ်လောက် ဝင်ငွေထိခိုက်ခဲ့ပါသလဲ။

ဖြေ – ပထမလှိုင်းတုန်းက သိပ်ပြီး မထိခိုက်ဘူး။ အခု ဒုတိယလှိုင်းက တစ်ပြည်လုံးမှာ ဖြစ်နေတော့ ပိုထိခိုက်တယ်။ ယဉ်မောင်းတွေ စစ်ဆေးမှုကို ကြည့်လိုက်ရင် ရောဂါပိုးတွေ့တာက တစ်ပြည်လုံးရဲ့ ၁ ရာခိုင်နှုန်းပဲ ရှိတယ်။ ကျွန်တော်တို့ ယဉ်မောင်းတွေရဲ့ ကူးစက်မှုက သိပ်မရှိဘူး။ ကျွန်တော်တို့ ယာဉ်မောင်းတွေကြောင့် ဖြစ်တယ်ဆိုတာမျိုး မဖြစ်စေချင်ဘူး။ ရန်ကုန်ကနေ တနင်္သာရီ၊ မြိတ်၊ ထားဝယ်သွားမယ်ဆိုရင် မိုင် ၆၀၀ ရှိတယ်။ မွန်ပြည်နယ်မှာ တစ်ခါစစ်တယ်။ တနင်္သာရီ ရောက်ရင် တစ်ခါစစ်တယ်။ ခရီးတစ်ခုကို သုံးခါလောက် စစ်ရတယ်ဆိုတော့ တချို့ကားသမားတွေကလည်း ကြောက်နေတယ်။ အသက်မွေးဝမ်းကျောင်းက ကားသမားသည် ကားပဲ မောင်းတတ်တာဆိုတော့ ကြာရင် နှာခေါင်းအနာဖြစ်မှာ စိုးရိမ်တော့ တချို့ကားသမားတွေက နားကုန်ပြီ။

မေး – အဝေးပြေးကုန်တင်ကားမောင်းသူတွေရဲ့ အခက်အခဲနဲ့ပတ် သက်ပြီး အစိုးရကို ဘာများပြောချင်ပါသလဲ။

ဖြေ – ကုန်စည်စီးဆင်းမှုမှာ အတိုင်းအတာတစ်ခုအနေနဲ့ ဖြေလျှော့ပေးစေချင်တယ်။ ကျန်းမာရေးဘက်လည်း ရောဂါ ဖြစ်သူဦးရေ တိုးနေပေမယ့် ဒီအပေါ်မှာ အလယ်အလတ် လမ်းစဉ်လေးနဲ့ လုပ်ပေးစေချင်တယ်။ လမ်းပေါ်မှာ ကားသမားတွေက အခက်အခဲအများကြီးရှိတယ်။ ကားသမားတွေက ဒေသခံကားတွေရှိသလို ဧည့်သည် ကားတွေလည်းရှိတယ်။ ကရင်ပြည်နယ်က မကောင်းလို့ ရှမ်းတောင်ဘက်ကိုဆွဲမယ်။ ရှမ်းပြည်နယ်က မကောင်းလို့ ထားဝယ်၊ တနင်္သာရီဘက်ကို ဆွဲမယ်။ ဒါမျိုးတွေလည်း ရှိကြတယ်။ ဒေသန္တရအမိန့်နဲ့ ရပ်ကျေးအမိန့်ကို Stable ဖြစ်စေချင်တယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အမိန့်အာဏာ တစ်ရပ်နဲ့ ရပ်/ကျေးက ထုတ်ပြန်တဲ့အမိန့်တို့က တစ်ခုတည်း ဖြစ်ပြီးတော့ ရပ်/ကျေးအထိ စီးဆင်းစေချင်ပါတယ်။

နိုင်ငံတော်ရဲ့စီးပွားရေးမဏ္ဍိုင်တွေထဲမှာ ကုန်စည် စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးဆိုတဲ့အတိုင်း အရေးပါတဲ့ အခန်းကဏ္ဍမှာပါပြီးတော့ တိုင်းပြည်အတွက် တစ်ထောင့် တစ်နေရာကတာဝန်ထမ်းဆောင်နေတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့် အမိန့်၊ ညွှန်ကြားချက်တွေဟာ ကျွန်တော်တို့အတွက် လေ့လာပြီးတော့ ညွှန်ကြားစာတွေ ထုတ်စေချင်ပါတယ်။ ဒါမှကုန်စည်စီးဆင်းရေး မပြတ်လပ်စေရေးဆိုတဲ့ နိုင်ငံတော် ရဲ့ မူဝါဒနဲ့ ကိုက်ညီမှာပါ။ လက်ရှိမှာ ကုန်တင်ကားတွေက လမ်းမှာ အခက်အခဲရှိပါတယ်။ ၇၂ နာရီကိုလည်း ခရီးစဉ်တစ်ခုအနေနဲ့ ဖြေလျှော့ပေးစေချင်တယ်။ မိုင် ၁၀၀ ပတ်လည် ဥပဒေ က တစ်ခု၊ မိုင် ၂၀၀ ပတ်လည် ဥပဒေက တစ်ခု၊ မိုင် ၄၀၀ ကျော်ရင် ဥပဒေကတစ်ခုဆိုတော့ အားလုံးလိုက်နာကျင့် သုံးနိုင်မယ့် မူဝါဒလေးတစ်ခုကို ဖြေလျှော့ပေးစေချင်ပါတယ်။

စံတော်ချိန်သတင်းအဖွဲ့ -ဆက်သွယ်မေးမြန်းသည်