မန်စီးတီးကစားသမားတွေ စီးနင်းလိုက်ပါလာတဲ့ လေယာဉ်စက်ချွတ်ယွင်းမှုကြောင့် လေဆိပ်ပြောင်း ဆင်းသက်ခဲ့ရ

ယမန်နေ့က မန်စီးတီးအသင်းသားတွေ လိုက်ပါစီးနင်းလာတဲ့ လေယာဉ်ဟာ ဘရိတ်စနစ်တစ်ခုချွတ်ယွင်းမှုကြောင့် လေယာဉ်ကွင်းပြောင်းပြီး ဆင်းသက်ခဲ့ရတယ်လို့ ဒေးလီးမေးလ်သတင်းတစ်ရပ်အရ သိရပါတယ်။

ဒီကနေ့မှာကျင်းပမယ့် ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ်ပွဲအတွက် မန်စီးတီးအသင်းသားတွေဟာ မန်ချက်စတာမြို့ကနေ လန်ဒန်မြို့ကို လေကြောင်းခရီးစဉ်နဲ့ထွက်ခွာခဲ့ပြီး ကနဦးက လန်ဒန်စီးတီးလေဆိပ်မှာ ဆင်းသက်ဖို့ စီစဉ်ခဲ့ပေမယ့် အရေးပေါ်အခြေအနေတစ်ရပ်ကြောင့် ပြေးလမ်းပိုရှည်တဲ့ စတန်းစတက်ဒ်လေဆိပ်ကို ပြောင်းဆင်းခဲ့ရတာဖြစ်ပါတယ်။

လန်ဒန်စီးတီးလေဆိပ်ဟာ ဝက်စ်ဟမ်းရဲ့အိမ်ကွင်းနဲ့ သိပ်မဝေးပေမယ့် စတန်းစတက်ဒ်လေဆိပ်မှာ ဆင်းသက်ခဲ့ရတာကြောင့် မန်စီးတီးအသင်းသားတွေဟာ တည်းခိုရာဟိုတယ်ကို ၃၃ မိုင်နီးပါးအထိ ခရီးနှင်ခဲ့ရပါတယ်။

ကိုးကား – Daily Mail
သတင်း – မောင်ဇေယျ