ဈေးရောင်းကားများအား ရက်အလိုက် မြို့နယ်အချို့တွင် တိုးချဲ့ရောင်းချမည်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)တို့ ပူးပေါင်း ဆောင်ရွက်သည့် ဈေးရောင်းကားများ (Yangon Mobile Market) သည် လာမည့်ရက်များ၌ မြို့နယ်အချို့တွင် ရက်အလိုက်တိုးချဲ့ရောင်းချ ရန်ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောသည်။

အဆိုပါဈေးရောင်းကားများဖြင့် လှည့်လည်ရောင်းချသည့် အစီအစဉ်ကို ယနေ့မှစတင်၍ ရန်ကင်းမြို့နယ်၊ မြောက်ဒဂုံမြို့နယ်၊ တာမွေမြို့နယ်များတွင် စတင်ရောင်းချနေခြင်းဖြစ်ပြီး ကုန်စည်များတွင် ရေထွက်ပစ္စည်းများ၊ ကုန်ခြောက်၊ ကြက်ဥ၊ ဘဲဥ၊ အသားငါးများ ပါဝင်သည်။

မနက်ဖြန်(အောက်တိုဘာ ၂၇ ရက်)တွင် သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံ(ဆိပ်ကမ်း)နှင့် မရမ်းကုန်း မြို့နယ်(မုဒိတာအိမ်ရာ) များတွင်လည်းကောင်း၊ အောက်တိုဘာ ၂၈ ရက်တွင် မင်္ဂလာတောင်ညွန့်၊ ဗဟန်း၊ ကမာရွတ်နှင့် သင်္ဃန်းကျွန်းမြို့နယ်များတွင် လည်းကောင်း၊ အောက်တိုဘာ ၂၉ ရက်တွင် ပုဇွန်တောင်၊ ကျောက်တံတား၊ အင်းစိန်နှင့် ပန်းဘဲတန်းမြို့နယ်များတွင်လည်းကောင်း သတ်မှတ်ထားသော နေရာများတွင် အသီးသီးလှည့်လည်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

“လူထုကောင်းစားရေး ၊ လူထုအဆင်ပြေစေရေး အထူးသဖြင့် ဝင်ငွေနည်းတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ဦးတည်လုပ်ဆောင်တာပါ။ ဈေးမှာကတော့ တက်နိုင်တဲ့သူတွေ သွားဝယ်ကြမှာပေါ့။ ဝင်ငွေနည်းတဲ့ သူတွေကို တိုက်ရိုက် ရောင်းချပေးတဲ့ သဘောပါ။ Mobile Market နဲ့လှည့်ရောင်းချ တော့ အဆင်ပြေပြီးတော့ လူတွေက Stay at Home နေပြီးတော့ COVID-19 ကိုထိန်းထားနိုင်မယ်” ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ကပြောကြားသည်။

ကုန်စည်ဖြန့်ဖြူးရေးတွင် ဝင်ငွေနည်းသည့် သူများအတွက် ဦးတည်ထားပြီး ဈေးတွင်ရောင်းချနေသည့် လက်လီရောင်းချမှုများကိုလည်း ပြိုင်ဖက် မဖြစ် စေဘဲ မြို့နယ်ရပ်ကွက်ရှိ ဈေးနှင့်ဝေးသည့် နေရာများတွင် ရောင်းချမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်ကပြောသည်။

ထို့အပြင် COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချနိုင်ရန် စီစဉ်ထားပြီး ပါးစပ်နှာခေါင်းစည်း Mask များ၊ Face Shield များ စနစ်တကျတပ်ဆင်ခြင်းများ ပြုလုပ်ရန် လမ်းညွှန်ထားကြောင်း သိရသည်။

သတင်း – စွမ်းရည်တိုး / စံတော်ချိန်
ဓာတ်ပုံ – UMFCCI

ပုံစာ – ယနေ့တွင် တာမွေမြို့နယ်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကင်းမြို့နယ်များ၌ ဈေးရောင်းကားများ လှည့်လည် ရောင်းချခဲ့စဉ်