တရုတ်နိုင်ငံသားလေးဦးအား လက်နက်များနှင့်အတူ ဖမ်းမိ

ကျိုက်ထိုမြို့နယ် စစ်တောင်းတံတားသစ် COVID-19 ပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် တရုတ်နိုင်ငံသား လေးဦးအား လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ကျိုက်ထို မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

အောက်တိုဘာ ၂၅ရက် ည ၉ နာရီခွဲ ခန့်တွင် ကျိုက်ထိုမြို့နယ် စစ်တောင်း ကျေးရွာ စစ်တောင်းတံတားသစ် COVID-19 ပူးပေါင်းစစ်ဆေးရေးဂိတ်၌ သိမ်ဇရပ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ယာဉ်ရှင်းလင်းရေးဆောင် ရွက်နေစဉ် ကျိုက်ထိုဘက်မှ ပဲခူးဘက်သို့ မောင်းနှင် ရောက်ရှိလာသည့် ယာဉ် အမှတ်-KYN 9C/—- နံပါတ်ပြား တပ်ဆင်ထားသော Revo အမျိုးအစား၊ ခဲရောင် (လိုင်စင်စိစစ်ဆဲ) ယာဉ်အား စစ်ဆေးခဲ့သည်။ ယာဉ်ပေါ်တွင် ယာဉ်မောင်း ရဲလင်းကျော်(၂၆)နှစ် အမှတ်(၄) ရပ်ကွက် ဘားအံမြို့ ကရင်ပြည်နယ်၊ မြတ်အောင်(၂၆)နှစ်(လိပ်စာတူ)တို့နှင့်အတူ အထောက်အထားရှိ၊ ဗီဇာသက်တမ်းကျန် တရုတ်နိုင်ငံသား Huang Haiming (၃၀)နှစ်ပါ လေးဦးကို တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်တွင် 380 Wesson အမျိုးအစား USA နိုင်ငံလုပ် ပစ္စတိုတစ်လက် ( ၂၂ ကျည်ကိုးတောင့်ပါ ကျည်ကတ်တပ်ဆင်လျက်)၊ M 16 အမျိုးအစား သေနတ်တစ်လက်၊ M 16 ကျည်အိမ် ငါးခု၊ ၅ ဒသမ ၅၆ မမ ကျည်အတောင့် ၂၆၀၊ 91 အမျိုးအစား စနက်တံမပါလက်ပစ်ဗုံးတစ်လုံးနှင့် ထိုင်းနိုင်ငံလုပ် Equipment နှစ်စုံတို့အား တွေ့ရှိရသဖြင့် အဆိုပါ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကို ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

အောက်တိုဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် တရားမဝင် လက်နက် ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိရသူ ယာဉ်မောင်း ရဲလင်းကျော်၊ ယာဉ် နောက်လိုက် မြတ်အောင်၊တရုတ်နိုင်ငံသားများဖြစ်သော Huang Haiming ပါခြောက် ဦးတို့အား ဥပဒေအရ အရေးယူပေးရန် တိုင်တန်းချက်အရ သိမ်ဇရပ်နယ်မြေရဲစခန်းက (ပ) ၄၈၉/ ၂၀၂၀၊ ပို့/သွင်းကုန်ပုဒ်မ-၈/၁၀အရ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရ သည်။ ပို့ကုန်သွင်းကုန် ပုဒ်မ-၈အရ မည်သူမဆို တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟုလည်းကောင်း၊ ပုဒ်မ-၁၀ အရ ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန်အားထုတ်သူ သို့မဟုတ် အားပေးကူညီ သူအား ယင်းပြစ်မှုကို ကျူးလွန်သူဖြစ်ဘိသကဲ့သို့ ပြစ်ဒဏ်ချမှတ်ရမည့်အပြင် ပြစ်မှုကျူး လွန်ရာ၌ အကျုံးဝင်သော သက်သေခံပစ္စည်း များကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း ရမည်ဟု ပြဋ္ဌာန်းထားသည်။

သတင်း – နိုင်ဝင်းစိုး
ဓာတ်ပုံ – သိမ်ဇရပ်ရဲ