လက်စတာစီးတီးနဲ့ပွဲက ဒိုင်ရဲ့ဆုံးဖြတ်ချက်ကို အာဆင်နယ်နည်းပြ ဒေါသထွက်

တနင်္ဂနွေနေ့က လက်စတာစီးတီးနဲ့အိမ်ကွင်းပွဲစဉ်မှာ တိုက်စစ်မှူး လာကာဇက်ရဲ့သွင်းဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာနဲ့ပတ်သက်လို့ အာဆင်နယ်နည်းပြ အာတီတာက ဒေါသတကြီး ဝေဖန်လိုက်ပါတယ်။

ဆီဘယ်လော့စ်ရဲ့ ထောင့်ကန်ဘောလုံးကို လာကာဇက်က ခေါင်းတိုက်သွင်းရာမှာ ဂိုးဝင်ပေမယ့် လူကျွံနေတဲ့ ရှာခါက လက်စတာစီးတီး ဂိုးသမား ကက်စပါရှမိုက်ကယ်ရဲ့ ရှေ့မှာ ကွယ်သလိုဖြစ်နေတာကြောင့် လူကျွံဘောအဖြစ် သတ်မှတ်ပါတယ်။

ပွဲအပြီးမှာ အာတီတာက “ကျွန်တော် အရမ်းစိတ်ပျက်ပါတယ်။ ဂိုးဝင်သွားတဲ့ဘောလုံးကို ဘာလို့ ခွင့်မပြုတာလဲတော့ မသိပါဘူး။ ပထမပိုင်းမှာ ကျွန်တော်တို့အသင်းကစားပုံက ပိုကောင်းခဲ့သလို ပြိုင်ဘက်ကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်”လို့ပြောပါတယ်။

တနင်္ဂနွေနေ့ပွဲစဉ်ဟာ အာဆင်နယ်အတွက် ၁၉၇၃ ခုနှစ်၊ စက်တင်ဘာလနောက်ပိုင်း အိမ်ကွင်းမှာ လက်စတာစီးတီးကို ပထမဆုံးအကြိမ် ရှုံးခဲ့တာဖြစ်ပြီး လက်စတာစီးတီးရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ လူစားဝင်တိုက်စစ်မှူး ဂျေမီ ဗာဒီက သွင်းယူခဲ့တယ်လို့ The Sun သတင်းမှာ ဖော်ပြထားပါတယ်။

ကိုးကား – the sun.co.uk
သတင်း – မောင်ဇေယျ