ချင်းပြည်နယ် ဖလမ်း(ဆူရ်ဘုန်)လေယာဉ်ကွင်း ပထမဆုံး လေယာဉ်ဆင်းသက်

ချင်းပြည်နယ် ဖလမ်း(ဆူရ်ဘုန်) လေယာဉ်ကွင်းသို့ အောက်တိုဘာ ၂၇ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ATR 72 လေယာဉ် ဖြင့် ပထမဆုံးအကြိမ် အောင်မြင်စွာ ဆင်းသက်ခဲ့သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသည့် ချင်းပြည်နယ်၏ အဓိကဝင်ပေါက် တစ်ခုဖြစ်သော ဖလမ်း(ဆူရ်ဘုန်)လေယာဉ်ကွင်းသစ်ကြီးသည် ယခုအခါ ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေး တစ်ခုတည်းကိုသာ အားထားနေရပြီး မိုးရာသီကာလတွင် သွားလာရေးခက်ခဲသည့် ချင်းပြည်နယ်၌ ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ်ကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅-၂၀၁၆ ခုနှစ်က မြေပြင်ကွင်းဆင်းလေ့လာတိုင်းတာခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းလုပ်ငန်းများကို စတင်ခဲ့ပြီး နှစ်အလိုက် ဘတ်ဂျက်ရရှိမှုအပေါ် မူတည်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဖလမ်း(ဆူရ်ဘုန်)လေဆိပ်သစ်ကို ချင်းပြည်နယ် ဖလမ်း မြို့ ဆူရ်ဘုန်တောင်ကြောဖလမ်းမြို့၏ အနောက်မြောက် ၈ ဒသမ ၅ မိုင်အကွာတွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၆၀၀၀ တွင် တည်ဆောက်ထားသည်။ လေယာဉ်ပြေး လမ်းမှာ အလျားပေ ၆၀၀၀၊ အကျယ်ပေ ၁၀၀ ၊ ပြေးလမ်းအမျိုး အစားမှာ Flexible Pavement ၊ ပြေးလမ်းအရှိန်သတ်စွန်း (Overrun) မှာ အလျားပေ ၂၀၀ ၊ အကျယ်ပေ ၁၀၀ ၊ လေယာဉ် ရပ်နားနေရာမှာ အကျယ်ပေ ၂၅၀ ၊ အကျယ်ပေ ၂၅၀ ၊ ပြေးလမ်း ခံနိုင်ရည်အားမှာ ပေါင် ၅၁၀၀၀ (၂၃၀၀၀ Kg) ဖြစ်ပြီး ATR-72-500/600 လေယာဉ်များ ဆင်းသက်အသုံးပြုနိုင်ကြောင်း သိရသည်။

ထို့ပြင် Steel Structure များဖြင့် တည်ဆောက်ထား သောတစ်ထပ်ခွဲ လေဆိပ်အဆောက်အအုံမှာ ခရီးသည် ၂၅၀ ခန့်ကို ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ပြီး လေဆိပ်အဆောက် အအုံ ကို ဒေသ၊ ရာသီဥတုနှင့်ကိုက်ညီအောင် ဆောက်လုပ်ထားကာ သာမန်အခုံးပုံသဏ္ဌာန်ဒီဇိုင်း ထည့်သွင်းတည်ဆောက်ထား ကြောင်း၊ ဖလမ်းဆူရ်ဘုန်လေဆိပ်စီမံကိန်းကို ငွေကျပ် ၃၄ ဒသမ ၁၉၁ ဘီလီယံ အကုန်ကျခံ၍ အကောင်အထည်ဖော် တည် ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တောင်တန်းထူထပ်ပေါများပြီး သွားလာရခက်ခဲသည့် ချင်းပြည်နယ်သို့ သွားလာရလွယ်ကူ စေရန်၊ ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ ချောမွေ့ပြီး လူမှုရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးကိစ္စများ၊ စီးပွား ရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေးလုပ်ငန်းနှင့် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ချင်းပြည် နယ် ဖလမ်းမြို့၌ ဆူရ်ဘုန်လေဆိပ်သစ်ကြီးကို တည်ဆောက်ခဲ့ ခြင်းဖြစ်ပြီး ဖလမ်းလေဆိပ်မှ ဖလမ်းမြို့၊ လုံပီးတောင်၊ ဟားခါး၊ ထန်တလန်၊ တီးတိန်၊ ရိဒ်ရေကန် စသည့် ချင်းပြည်နယ်ရှိ မြို့များမှ ဖလမ်းလေဆိပ်နှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်း ဒေသကြီးနှင့် ပြည်နယ်လေဆိပ်များသို့ အချိန်တိုအတွင်း လွယ်ကူ လျင်မြန်စွာ သွားလာနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

လေယာဉ်ကွင်း ဖွင့်လှစ်ပြီးဖြစ်သောကြောင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ကလေးမြို့သို့ တိုက်ရိုက်ခရီးစဉ် ပျံသန်း သွားမည်ဖြစ်ကာ ချင်းပြည်နယ်သို့ ပြည်တွင်း ပြည်ပခရီးသွားများ ပိုမိုလာရောက်လည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်အတွက် ပေ ၆၀၀၀ ကျော်တွင် ပထမဆုံး တည်ဆောက်သည့် လေဆိပ်တစ်ခုဖြစ်ကြောင်း သိရသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါလေယာဉ်ဖြင့် လိုက်ပါလာသော လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ထွန်း၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးကျော်စိုး၊ လေယာဉ်မှူးကြီးများ၊ သက်ဆိုင်ရာ တာဝန်ရှိ သူများကို ဂုဏ်ပြုစကားများဖြင့် ကြိုဆိုနှုတ်ခွန်းဆက်ခဲ့ကြသည်။

သတင်း – အိဟေမာ
ဓာတ်ပုံ -ပို့ဆောင်ရေး

စံတော်ချိန်သတင်းဌာနက တင်ဆက်လျက်ရှိသော သတင်း၊ သတင်းဆောင်းပါး၊ တွေ့ဆုံမေးမြန်းခန်းနှင့် ရုပ်သံအစီအစဉ်များအား ပူးတွဲဖော်ပြပါ Link (Viber) တွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://tinyurl.com/y5vtkrh7

စံတော်ချိန်ယူကျု့-https://www.youtube.com/c/TheStandardTimeTVFreeToAir