ပြည်ခိုင်ဖြိုး အနိုင်ရရှိပါက လယ်သမားဝန်ကြီးဌာန ချက်ချင်းဖွဲ့မည်ဟုဆို

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိပါက တောင်သူလယ်သမားဝန်ကြီးဌာန ချက်ချင်းဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ယင်းပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းဝင်းသီက ပြောကြားသည်။

‘အရေးကြီးဆုံးအချက် ပြောမယ် နော်။ မြန်မာတစ်နိုင်ငံလုံးမှာ တောင်သူ လယ်သမားအင်အားက များတာကိုး။တောင်သူလယ်သမားကိစ္စတွေ ဖြေရှင်း ဖို့ တောင်သူလယ်သမားဝန်ကြီးဌာန ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရင် ချက်ချင်းဖွဲ့ မယ်။ အဲဒီကိစ္စတွေ အကုန်လုံး ဖြေရှင်းပေးမယ်။ အဲဒါ တောင်သူတွေအတွက် အရေးကြီးဆုံးပါ။ အဲဒါလေး တစ်ချက်ပဲ ပြောချင်တယ်။ တောင်သူတွေအဆင်ပြေရင် တစ်နိုင်ငံလုံး အဆင်ပြေတယ်’ ဟု ၎င်းက မီဒီယာများသို့ ပြောသည်။

ယခု ဒုတိယအကြိမ်လွှတ်တော် သက်တမ်းအတွင်း ပြည်ခိုင်ဖြိုးပါတီ အမတ် ဦးသိန်းထွန်းအနေဖြင့် တောင်သူ လယ်သမားရေးရာဝန်ကြီးဌာန ဖွဲ့စည်းရန် အဆိုတင်သွင်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရွေးကောက်ပွဲ၌ နေရာအားလုံး အနိုင်ရရှိမည်ဟု ယုံကြည်ကြောင်းလည်း ဒေါ်ဝင်းဝင်းသီက ပြောသည်။

‘ပြိုင်ပွဲဝင်ရင် အောင်စိတ်နဲ့ ပြိုင်တာဖြစ်တဲ့အတွက် အကုန်လုံးနိုင်မယ်လို့ ယုံကြည်ပါတယ်’ဟု ၎င်းကပြောသည်။

ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများအနေဖြင့် လူအင်အားထောင်နှင့်ချီ၍ အောက်တို ဘာ ၂၇ ရက် မွန်းလွဲပိုင်းက နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်း လှည့်လည်အင်အားပြခဲ့သည်။

ဝန်းရံသူများအနေဖြင့် ပျဉ်းမနားမြို့ မြို့ရှောင်လမ်း မီးပွိုင့်တွင် စုရပ်ပြုကာ နှင်းဆီပန်းအဝိုင်းကိုဖြတ်ပြီး ပျဉ်းမနားမြို့နယ်အတွင်းသို့ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များဖြင့် ပါတီအောင်နိုင်ရေးသီချင်းများဖွင့်လှစ်ကာ လှည့်လည်ခဲ့ကြခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးအနေဖြင့် နေပြည်တော် ဇေယျာသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ် ပြီး အဆိုပါမဲဆန္ဒနယ်တွင် အာဏာရပါတီ NLD မှ ဒေါက်တာမိုးဆွေက ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်သည်။

သတင်း၊ ဓာတ်ပုံ – မင်းမင်းထွန်း

စံတော်ချိန်သတင်းဌာနက တင်ဆက်လျက်ရှိသော သတင်း၊ သတင်းဆောင်းပါး၊ တွေ့ဆုံမေးမြန်းခန်းနှင့် ရုပ်သံအစီအစဉ်များအား ပူးတွဲဖော်ပြပါ Link (Viber) တွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://tinyurl.com/y5vtkrh7

စံတော်ချိန်ယူကျု့-https://www.youtube.com/c/TheStandardTimeTVFreeToAir