ပုဂံယဉ်ကျေးမှုနယ်မြေ၌ အပင်စိုက်ရန်မြေတူးဖော်မှုကန့်ကွက်မှုများရှိ၍ နေရာပြောင်းလဲစိုက်ပျိုး

ပုဂံယဉ်ကျေးမှုနယ်မြေတွင် အရိပ်ရအပင်စိုက်ပျိုးရန် မြေကော်စက်ယန္တရားကြီးများဖြင့် မြေသားတူးဖော်နေမှုများရပ်ဆိုင်းသွားပြီး ပုဂံရှေးဟောင်းစေတီများထိခိုက်ပျက်စီးမှုလွတ်ကင်းသည့်နေရာသို့ ရွှေ့ပြောင်းစိုက်ပျိုးနေပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) မှညွှန်ကြားရေးမှူးဒေါက်တာသန်းထိုက်ကစံတော်ချိန်သို့ပြောသည်။

“ဇုန်ထဲမှာစိုက်မယ်‌ဆိုတာကိုကျွန်တော်တို့အစထဲကကန့်ကွက်တယ်။ တင်ဒါအောင်ကုမ္ပဏီကိုကော သက်ဆိုင်ရာကြီးကြပ်တဲ့အဖွဲ့တွေကော တရားဝင်အကြောင်းကြားတယ်။ သူတို့ကစိုက်ပျိုးလို့ရမယ့်နေရာကိုအကြံပြုပေးပါဆိုတော့ ပုဂံညောင်ဦးရဲ့လျှောက်လမ်းဘေး။ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးဇုန်အတွင်းရှိတဲ့ ကျေးရွာအ၀င်လမ်းဘေးကိုစိုက်ပါလို့ကျွန်တော်တို့ပြောလိုက်တော့ အဲဒီနေရာကိုပြောင်းရွှေ့စိုက်ပျိုးဖို့ဆောင်ရွက်နေကြပါပြီ” ဟုဆိုသည်။

ပုဂံဒေသစိမ်းလန်းစိုပြည်ရေးခေါင်းစဉ်ဖြင့် ပုဂံယဉ်ကျေး မှုနယ်မြေအတွင်း အရိပ်ရအပင်ကြီး ၃,၀၀၀ စိုက်ပျိုးမည့်စီမံကိန်းကို ပုဂံဒေသပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့်သန့်ရှင်းသာယာလှပရေးကော်မတီက စီစဉ်ခဲ့သည့် အတွက် တင်ဒါအောင်ကုမ္ပဏီကမြေတူးဖော်မှုများပြုလုပ်ခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံရှေးဟောင်းသုတေသနပညာအသင်းနှင့် ပုဂံချစ်မြတ်နိုးသူများက ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။

ပုဂံဒေသပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့်သန့်ရှင်းသာယာလှပရေးကော်မတီတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဥက္ကဋ္ဌဖြစ်ပြီး သာသနာ‌ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနဦးစီးဌာနမှညွှန်ကြားရေးမှူးသည် အတွင်းရေးမှူးအဖြစ် ကော်မတီကိုဖွဲ့စည်းထားခြင်းဖြစ်သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၆ ရက်က အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကုမြို့၌ကျင်းပသည့် ၄၃ ကြိမ်မြောက် ယူနက်စကို (UNESCO) အစည်းဝေးတွင် အမှတ်စဉ် ၁၁၀၇ ဖြင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

သတင်း – မေဘယ်လ်