မအူပင်အကျဉ်းထောင်၌ ထောင်ဝန်ထမ်းနှင့် အကျဉ်းသား ၆၉ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီး မအူပင် အကျဉ်းထောင်တွင် အကျဉ်းသားများနှင့် ထောင် ဝန်ထမ်းများကို အောက်တိုဘာ ၂၇ ရက်က COVID-19 ရောဂါပိုး စစ်ဆေးခဲ့ရာ ထောင်ဝန်ထမ်းနှင့် အကျဉ်းသား ၆၉ ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ ကြောင်း သိရသည်။

‘သံသယရှိတဲ့ အကျဉ်းသားနဲ့ ထောင်ဝန် ထမ်းတချို့ကို အကျဉ်းထောင်မှာပဲ ကွာရန်တင်းပုံစံ ထားခဲ့ပြီးတော့ စစ်ဆေးရာမှာ ၆၉ ဦးက COVID-19 ရောဂါပိုးတွေ့တာ ဖြစ်ပါတယ်’ဟု မအူပင် အကျဉ်းထောင်မှ ထောင်ဝန်ထမ်းတစ်ဦးကပြော သည်။ COVID-19 ရောဂါပိုး တွေ့ရှိခဲ့သည့် ထောင်ဝန်ထမ်း သုံးဦးနှင့် အကျဉ်းသားသုံးဦးအား မအူပင်မြို့ရှိ အစိုးရကွန်ပျူတာတက္ကသိုလ် ကုသဆောင်သို့ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ညတွင်းချင်း ပြောင်းရွှေ့ပေးခဲ့ပြီး ကျန်လူနာ ၆၃ ဦးကို မအူပင်အကျဉ်းထောင်၌ ယာယီကုသမှုပေးနေကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် အောက်တိုဘာ ၂၇ ရက် ထုတ်ပြန်ချက်အရ COVID-19 အတည်ပြုလူနာ ၉၄၅ ဦးရှိပြီး မအူပင်မြို့နယ်တွင် ၂၇၂ ဦးရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနထုတ်ပြန်ချက်အရ သိရသည်။

သတင်း၊ ဓာတ်ပုံ – ထူးထူး(ဗိုလ်ကလေး)

စံတော်ချိန်သတင်းဌာနက တင်ဆက်လျက်ရှိသော သတင်း၊ သတင်းဆောင်းပါး၊ တွေ့ဆုံမေးမြန်းခန်းနှင့် ရုပ်သံအစီအစဉ်များအား ပူးတွဲဖော်ပြပါ Link (Viber) တွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://tinyurl.com/y5vtkrh7

စံတော်ချိန်ယူကျု့-https://www.youtube.com/c/TheStandardTimeTVFreeToAir