ပြည်သူများပူးပေါင်းဆောင်ရွက်မှုများလျှင် COVID-19 ရောဂါဖြစ်ပွားမှုကာလတိုမည်ဟု ဒေါက်တာမြင့်ထွေးပြောကြား

COVID-19 ရောဂါဖြစ်ပွားနေမှုကိုထိန်းချုပ်နိုင်ရန် ပြည်သူများ၏ပူးပေါင်းဆောင်ရွက်မှုအပေါ်မူတည်နေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီထံသို့ အောက်တိုဘာ ၂၆ ရက်၊ နေ့လယ်ပိုင်းက ပြုလုပ်သည့် လှူဒါန်းမှုအခမ်းအနားတွင် ဝန်ကြီးကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကပ်ရောဂါကူးစက်မှုများ မည်မျှကြာရှည်စွာရှိနေမည်ဆိုသည့်အချက်မှာ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာအပေါ် မူတည်နေပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများလျှင်များသလို ရောဂါကူးစက်ဖြစ်ပွားမှုကာလတိုတောင်းမည်ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ထို့အပြင် COVID-19 ကာကွယ်ရေးနည်းလမ်းများသည် အခြား အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကိုကာကွယ်နိုင်သဖြင့် ယခုကဲ့သို့ ဆောင်းဦးရာသီနှင့် ဆောင်းရာသီတို့တွင် ဖြစ်ပွားကူးစက်သည့် ရာသီတုပ်ကွေးရောဂါကိုပါ ကာကွယ်နိုင်မည်ဖြစ်သည်ဟု ဒေါက်တာမြင့်ထွေးကပြောကြားခဲ့သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အောက်တိုဘာ ၂၇ ရက် ညပိုင်းအထိ မြန်မာနိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားသူ ၄၇၆၆၆ ဦးရှိပြီး ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရသူ ၂၇၃၇၃ ဦးနှင့် သေဆုံးသူ ၁၁၄၇ ဦးရှိပြီဖြစ်သည်။

သတင်း – မိုးသိမ့်နိုင်/စံတော်ချိန်
ဓာတ်ပုံ – MoHS