ဇေကမ္ဘာဝင်းအတွင်း စိတ်ကြွဆေးပြား ၂၆ သန်းကျော်ထားရှိခဲ့သည့် အဓိကတရားခံ ၅ နှစ်အကြာတွင်ဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝန်းအတွင်း ကွန်တိန်နာကားနှင့်အတူ စိတ်ကြွဆေးပြား ၂၆ ဒဿမ ၇ သန်း ကျော်တွေ့ရှိသည့် ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းဖြစ်ပွားခဲ့သည့်ဖြစ်စဉ်တွင် မူးယစ်ဆေးဝါးထုတ်လုပ်၊ ရောင်းဝယ်၊ စီမံခဲ့သည့် အဓိကတရားခံပြေး ဝမ်တာချိန်နှင့်အဖွဲ့ကို ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၅ ရက်က ကွတ်ခိုင်မြို့နယ် လွယ်ခန်ဒေသ ၊ အထူးစစ်ဆင်ရေးတွင် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် အထူးစစ်ဆင်ရေးများပြုလုပ်ပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါး ဖမ်းဆီးမှုတိုင်းတွင် လတ်တလော တရားခံမမိသေးသည့်ဖြစ်စဉ်များ တစ်ခါတရံ ရှိနိုင်သော်လည်း ရဲတပ်ဖွဲ့၏ တရားခံပြေးစာရင်းတွင် မည်သည့်အခါမျှ ပျောက်ပျက်မသွားဘဲ တစ်ချိန်ချိန်တွင် ဆက်စပ်ဖော်ထုတ် ဖမ်းဆီးရမိသည့် အခြေအနေများရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာ ၂၆ ရက် က မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမကြီးပေါ်တွင် ငွေကျပ် ၅ ဒဿမ ၄၃ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈၉ သိန်းနှင့်အတူ ဖမ်းဆီးရမိသည့်ယာဉ်ကို ရှမ်းပြည်နယ်မြောက်ပိုင်း နယ်မြေအတွင်း ခြေရာခံမိခဲ့သော်လည်း အဓိကတရားခံနှင့် လွှဲပြောင်းလက်ခံလုပ်မည့် ကွင်းဆက်ရရှိရန် ရန်ကုန်အဝင်မှ ဖမ်းဆီးခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

၂၀၁၅ ခုနှစ်၊ ဇူလိုင်လအတွင်း ရန်ကုန်မြို့၊ ဇေကမ္ဘာဝင်းအတွင်း၌ ကွန်တိန်နာကားနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၂၆.၇ သန်း ဖမ်းဆီးရမိမှုတွင် ၎င်းအချိန်ကတည်းက သယ်ဆောင်သူနှင့် ဆက်စပ်သူ ၈ ဦးကို ဖမ်းဆီးရမိပြီး ဥပဒေနှင့်အညီ အရေးယူခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သတင်း – ကျော်သက်အောင်/စံတော်ချိန်