ကိုဗစ်ကာလ မသန်စွမ်းသူများ ဆန္ဒမဲပေးရာတွင် ကြုံတွေ့နိုင်မည့် အခက်အခဲများအပေါ် သူတို့အမြင်

“အပြင်ထွက်ပြီး မဲရုံကိုမဲပေးဖို့ အရေအတွက်က အများကြီး မျှော်လင့်လို့မရဘူး။ ကြိုတင်မဲပေးနိုင်ခြေရှိတဲ့ မသန်စွမ်းတွေ ပိုပြီးတိုးလာနိုင်တယ်”
ဦးနေလင်းစိုး

“ကျွန်တော်တို့အတွက် ဝှီးချဲတွေကအစ အထောက်အကူပြုပစ္စည်းတွေကလည်း ကိုဗစ်ကူးဖို့အတွက် အခွင့်အလမ်းတွေ ဖြစ်နေတာ”
ဦးမြတ်သူဝင်း

သူတို့အမြင်၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည်ဖြစ်ရာ မြန်မာတစ်နိုင်ငံလုံး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ၃၈ သန်းကျော်ရှိပြီး မသန်စွမ်းမဲဆန္ဒရှင်ပြည်သူ ၈၀၀၀၀ ကျော်ရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။ လက်ရှိကာလသည် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုများရှိနေသည့်အတွက် အဆိုပါရွေးကောက်ပွဲနေ့တွင် မသန်စွမ်းသူများ ဆန္ဒမဲပေးရာတွင် ကြုံတွေ့ရနိုင်သည့် အခက်အခဲများ၊ မသန်စွမ်းသူများ အဆင်ပြေစွာမဲပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်ပေးသင့်သည့် အခြေအနေများကို မသန်စွမ်းအဖွဲ့အစည်းတချို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် စံတော်ချိန်သတင်းအဖွဲ့တို့ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်-

ဦးနေလင်းစိုး (မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၏ အတိုင်ပင်ခံအရာရှိ)

ကိုဗစ်ကာလဖြစ်တဲ့အတွက် ပထမတစ်ချက်ကတော့ ကျွန်တော်တို့ မသန်စွမ်းတဲ့သူ တွေကိုယ်တိုင် စိုးရိမ်ပူပန်မှုတွေရှိကြတယ်။ သာမန်အခြေအနေမှာတောင် အပြင်ထွက်ဖို့ စိုးရိမ်စိတ်တွေအများကြီးရှိတော့ ကိုဗစ်ကာလမှာ ရောဂါကူးစက်မှုကို စိုးရိမ်ကြောက်ရွံ့မှုတွေရှိတာပေါ့။ ရောဂါရဲ့ခြိမ်းခြောက်မှုကြောင့် အများကြီး စိတ်ပူနေရတာတွေရှိတယ်။ နောက်တစ်ခုက မသန်စွမ်းတွေအသုံးပြုတဲ့ ဝှီးချဲတို့၊ ချိုင်း ထောက်တို့ အထောက်အကူပြုပစ္စည်းကိရိယာတွေက သတ္တုတို့၊ သံတို့နဲ့လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် အပြင်ထွက်ရင် ခိုအောင်းနိုင်ခြေ၊ ကူးစက်နိုင်ခြေများတယ်။ ဒီဟာတွေရဲ့ ဆိုးကျိုးတွေလည်း ရှိ တယ်။

ပြန်လာရင်လည်း ဝှီးချဲတစ်စီးလုံး သန့်ရှင်းရေးလုပ်ရတာတို့၊ ချိုင်းထောက်နှစ်ချောင်းစလုံးသန့်ရှင်းရေးလုပ်ရတာကြောင့် ငွေ ကုန်ကြေးကျပိုများတယ်။ ကုန်ကျစရိတ်တွေများတဲ့အခါမှာလည်း အခက်အခဲတွေရှိကြတယ်။ ဒါကြောင့်မို့ အပြင်ထွက်ပြီး မဲရုံကို မဲပေးဖို့အရေ အတွက်က အများကြီး မျှော်လင့်လို့မရဘူး။ ကြိုတင်မဲပေးနိုင်ခြေရှိတဲ့ မသန်စွမ်းတွေပိုပြီး တိုးလာနိုင်တယ်။ ဒီလိုမျိုးအခြေအနေတွေ တွေ့ရတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ မသန် စွမ်းတွေက အပြင်ထွက်မယ်ဆိုရင် တချို့ မသန် စွမ်းတွေက အကူတစ်ယောက်သုံးရတယ်။ မျက် မမြင်တဲ့သူဆို တစ်ယောက်ကတွဲရတယ်။ လမ်းမလျှောက်နိုင်တဲ့ မသန်စွမ်းတွေဆိုရင် တစ်ယောက်ယောက် ကူပြီးတွဲရတယ်။ လူလူချင်းထိတွေ့တဲ့အခါ ခြောက်ပေခွာဖို့က ဘယ်လို မှမဖြစ်နိုင်တဲ့အတွက် လူကနေတစ်ဆင့်၊ ကူညီတဲ့သူကနေတစ်ဆင့် ရောဂါကူးစက်နိုင်ခြေက နောက်ထပ်စိုးရိမ်မှုတစ်ခုပေါ့။ အဲဒါတွေလည်း ပူပန်မှုတွေရှိကြတယ်။ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကတော့ ပြီးခဲ့တဲ့အပတ်ထဲ က ကျွန်တော်တို့အဖွဲ့အစည်းကို လှမ်းပြီးတော့ မသန်စွမ်းတွေ အဆင်ပြေပြေမဲပေးနိုင်ဖို့ မဲရုံတွေ ဖြစ်အောင် လုပ်ပေးချင်တယ်။ အဲဒီအတွက် ဘယ်နေရာတွေမှာ ဦးစားပေးလုပ်စေချင်လဲ၊ အများစုဘယ်မှာ ရှိလဲဆိုတာမျိုးတွေ မေးတာရှိ တယ်။ တစ်နိုင်ငံလုံး မှာရှိတဲ့ မဲရုံပေါင်း ၄၀၀၀၀ ကျော်မှာတော့ အနည်းအကျဉ်းပဲ လုပ်နိုင်မှာပေါ့။ တစ်ဖက်က မသန်စွမ်းတွေက မြန်မာနိုင်ငံရဲ့ မြိုနယ်တိုင်း၊ ရပ်ကွက်တိုင်း၊ ရွာတိုင်းမှာရှိတာဖြစ် တဲ့အတွက် ဖြစ်နိုင်ရင် ဒီမဲရုံတွေက နေရာတိုင်းမှာ လုပ်ပေးနေရင်တော့ကောင်းတယ်။ ဒါပေမဲ့ သူတို့ ဘက်က အပြည့်အဝမလုပ်ပေးနိုင်ဘူးထင်တယ်။

တစ်ဖက်က ကျွန်တော်တို့က လုပ်ပေးစေ ချင်တာက မဲရုံတွေကို မြေညီထပ်မှာထားပေးဖို့။ သွားရေး၊ လာရေးလွယ်ကူနိုင်မယ့်နေရာတွေမှာ ဦးစားပေးရွေးချယ်ပေးဖို့ မဲရုံအခန်းတွေက ကျယ် ဝန်းပြီးတော့မှ ဝှီးချဲသုံးတဲ့သူတွေ၊ အထောက် အကူပစ္စည်းနဲ့ သွားလာရတဲ့သူတွေ၊ သက်ကြီး ရွယ်အိုတွေ ချောင်ချောင်ချိချိနဲ့ သွားလာရလွယ် ကူတဲ့၊ မဲရုံအခန်းတွေကျယ်ဖို့ မဲပုံးတွေရဲ့ အနိမ့်အမြင့်ကလည်း လက်လှမ်းမီတဲ့နေရာဖြစ်ဖို့၊ နောက်ပြီးတဲ့အခါကျရင် မျက်မမြင်တွေ မဲလာပေးတဲ့အခါမှာ အကူနဲ့ မဲပေးခွင့်ရပေမယ့် မျက် မမြင်တစ်ယောက်ပေးလိုက်တဲ့ မဲကို သူခေါ်သွား တဲ့အကူကနေတစ်ဆင့် မျက်မမြင်က ဘယ်သူ့ကို မဲပေးခဲ့တယ်ဆိုတာ ပေါက်ကြားသွားရင် သူ့ အတွက် လုံခြုံရေးအရ တချို့ဒေသေတွေမှာ အန္တရာယ်ရှိတယ်။ ဒါကြောင့်မို့ အကူနဲ့ မဲပေးတာ ကို ခွင့်ပြုပေးတာ ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီထက်ပိုပြီး ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း လျှို့ဝှက်မျက်မမြင်တွေကိုယ်တိုင် လျှို့ဝှက်ဆန္ဒမဲပေးနိုင်ဖို့ သေချာတဲ့အစီအမံမျိုးတွေ ထားပေးစေချင်တယ်။ ကျွန်တော်တို့ သုံးသပ်တာကတော့ မဲပေးတဲ့ မသန်စွမ်းဦးရေ ရာခိုင်နှုန်းက သာမန် အခြေအနေထက်ပိုပြီးတော့ လျော့ကျသွားနိုင်တယ်။ တစ်ဖက်က ကြိုတင်မဲပေးမယ့် မသန်စွမ်းဦးရေတိုးလာမယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကြိုတင်မဲပေးဖို့ပဲ စဉ်းစားနေတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်နေတဲ့ တိုက်က အပြင်လူတွေလာတာကို ကန့်သတ်ထား တယ်။ အပြင်ထွက်မယ်ဆိုရင်လည်း ကျွန်တော့် မှာ စိုးရိမ်စရာတွေရှိတော့ ကျွန်တော်ကဲ့သို့သော အခြားမသန်စွမ်းတွေလည်း ကြိုတင်မဲပေးနိုင်ခြေ ပိုများတယ်။ မဲပေးပိုင်ခွင့်ရှိတဲ့ မသန်စွမ်းလူဦးရေကတော့ ကော်မရှင်က ကြေညာထားတာ ၈၅၀၀၀ ကျော်ရှိတယ်လို့ပြောတယ်။ ၂၀၁၉ မှာ ကောက်ယူတဲ့စာရင်းအရ မြန်မာနိုင်ငံမှာ မသန် စွမ်းဦးရေက ၅ ဒသမ ၉သန်းကနေ ၆ သန်း လောက်ရှိတယ်။ အသက် ၁၈နှစ်အထက် မဲပေး ပိုင်ခွင့်ရှိတဲ့ဦးရေကတော့ သုံးချိုးနှစ်ချိုး သန်းနဲ့ ချီပြီးတော့ ရှိတာပေါ့။ အဲဒီလိုမျိုး ကွာဟချက် တွေတော့ ရှိတယ်။ ဒါပေမဲ့ ဘယ်သူတွေကို မသန် စွမ်းလို့ သတ်မှတ်ထားလဲဆိုတာ ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်တဲ့ မသန်စွမ်းနဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနကသတ်မှတ်တဲ့မသန်စွမ်းနဲ့ မသန်စွမ်းအမျိုးအစားတွေမတူတဲ့အခါ ပြောဖို့တော့ ခက်တာပေါ့။

ဦးမြတ်သူဝင်း(ရွှေမင်းသားဖောင်ဒေးရှင်းမြန်မာ၊ ဥက္ကဋ္ဌ)

ပုံမှန်တောင်မှ အခက်အခဲရှိတယ်။ ပုံမှန် တောင်မှ မဲရုံကိုရောက်ဖို့၊ ကြိုတင်မဲပေးဖို့ အခက်အခဲတွေ ရှိနိုင်တယ်။ ကိုဗစ်ကာလဆိုတော့ သာမန်လူတွေတောင်မှ အခက်အခဲရှိနိုင်တာ မသန်စွမ်းတွေအတွက်က ပိုပြီးအခက်အခဲရှိ တယ်။ မဲရုံကိုသွားဖို့ဆိုရင်တောင် လိုက်ပို့မယ့်လူ တို့၊ အကူပေါ့။ တကယ်လို့ ကိုယ့်ဘာသာမဲရုံကို သွားနိုင်တယ်ဆိုလည်းပဲ မဲရုံမှာ Social Distancing အရ ကျွန်တော်တို့ ဘယ်လိုလုပ်ရ မလဲ။ ကျွန်တော်တို့အတွက် ဝှီးချဲတွေကအစ အထောက်အကူပြုပစ္စည်းတွေကလည်း ကိုဗစ် ကူးဖို့အတွက်က အခွင့်အလမ်းတွေ ဖြစ်နေတာ ကိုး။ ကျွန်တော်တို့ UEC နဲ့တိုင်းဒေသကြီး ပြည် နယ် ၁၁ ခုနဲ့ ညှိတယ်။ တိုင်းဒေသကြီးပြည်နယ် ၁၁ ခုနဲ့ ကျွန်တော်တို့ ဆွေးနွေးတယ်။ တိုင်းဒေသ ကြီရွေးကောက်ပွဲကော်မရှင်တွေကနေပြီး သူတို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်၊ မြို့နယ်ရွေး ကောက်ပွဲကော်မရှင်တွေ အသေးစိတ်လိုက်ညှိ တယ်။ မဲရုံတွေဆိုရင် မြေညီထပ်တွေကြီးပဲ အကုန်လုပ်ကြမယ်။ နောက်ကျတော့ ကျွန်တော် တို့ မသန်စွမ်းတွေကို ဦးစားပေးဖို့ ဒါတွေလည်း သူတို့သဘောတူတယ်။ ပြီးတော့ ဒီမဲပုံးတွေက သုံးပေအမြင့်မှာပဲ ထားတယ်ဆိုတော့ ကျွန်တော် တို့ ဝှီးချဲသမားတွေအတွက်လည်း အဆင်ပြေ တာပေါ့။ အဲဒါတွေ အကုန်အဆင်ပြေပါတယ်။ အခုကတော့ ကပ်သွားပြီ။ ကျွန်တော်တို့ တစ်လ ကြိုပြောရင် မျက်မြင်တွေအတွက် မျက်မမြင် လက်စမ်းစာပေ (Braille Template) တွေ ပေးတာတွေလုပ်ပြီးသွားပြီ။ အခုလက်ရှိမှာတော့ ဒီ ၂၉ ရက်ကစပြီး တစ်အိမ်တက်ဆင်း စာရင်း တွေ လိုက်ကောက်တယ်။ ကြိုတင်မဲပေးရင် လည်းပေးမယ်။ ကြိုတင်မဲမပေးရင်လည်း ဘာ ကူညီမယ်ဆိုတာကို မသန်စွမ်းတွေအနေနဲ့လည်း မကြောက်နဲ့။ ရဲရဲဝံ့ဝံ့နဲ့ ကိုယ့်ရဲ့အခက်အခဲကို ပွင့် ပွင့်လင်းလင်းပြောပေးပါ။ သူတို့လာမေးရင်ပြော ပေးပါ။ တချို့တိုင်းနဲ့ပြည်နယ်တွေကတော့ စံပြ မဲရုံတွေ လုပ်တာမျိုးပေါ့။ ထူးခြားပြီး အထူးစီမံပေးတာမျိုးတော့ မရှိပါဘူး။ မရှိဘူးဆိုတာ မဲရုံကို ရောက်လာမှ ကူညီမယ့်သဘောမျိုးပဲ ရှိနေ တယ်။ မဲရုံကိုသွားတာတော့ ကိုယ့်အားကိုယ်ကိုး ပြီးသွားရမယ့်သဘောမျိုးရှိပါတယ်။

ဦးအောင်ဖြူဇင်(မိုးမောက်မြို့နယ် မသန်စွမ်း အဖွဲ့အစည်း၊ ဥက္ကဋ္ဌ)

ကိုဗစ်ကာလမှာ အခက်အခဲက ဘာဖြစ် သွားလဲဆိုရင် Social Distancing နဲ့သွားမယ်ဆိုရင် စောင့်နေရမယ်။ အကြာကြီးလည်း စောင့်နေရမယ်ဆိုရင် ချိုင်းထောက်သမားတွေ၊ ကိုယ်အင်္ဂါမသန်စွမ်းသူတွေအတွက် အကြာကြီး ရပ်ရတာ အဆင်မပြေဘူး။ အဲဒီလို အဆင်မပြေ မှုတွေတော့ ရှိတယ်။ ပြီးတော့ မသန်စွမ်းတွေက မဲရုံကိုသွားပြီးတော့ မဲပေးဖို့ အခက်အခဲနဲ့ စိန်ခေါ် မှုတွေရှိနေတဲ့အတွက် မဲပေးဖို့ ရာခိုင်နှုန်းကနည်း တယ်။ မဲရုံကို မဲသွားပေးမယ့် မသန်စွမ်းတွေ အတွက် ဘာတွေပြင်ဆင်ထားလဲဆိုရင် နယ် ဘက်မှာတော့ သိပ်ပြီးထွေထွေထူးထူးမရှိဘူး။မြေပြင်သတင်းအချက်အလက်အရ မြို့နယ်တွေ UEC တွေက ဘာပြောလဲဆိုရင် မသန်စွမ်းသွား ရလာရတာလည်း ခက်ခဲတယ်၊ ကိုဗစ်ကာလ လည်း ဖြစ်တယ်ဆိုပြီး နှစ်သိမ့်တာပဲရှိတယ်။ သူတို့ပါဝင်လာအောင် လုပ်ဆောင်မှုမရှိဘူး။ သူတို့ပြောတာက ကြိုတင်မဲပေးဖို့ပဲ တိုက်တွန်း နေတယ်။ မြို့ကြီးတွေမှာဆိုရင် နိုင်ငံတကာကြက် ခြေနီအဖွဲ့တွေနဲ့ မသန်စွမ်းတွေကို အကူလုပ်ဖို့ ကျွန်တော်တို့ သတင်းကြားရတယ်။ အများအား ဖြင့် ကျွန်တော်တို့ ပြည်နယ်တွေ၊ မြို့တွေက မဲရုံ တွေမှာဆိုရင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ မရှိဘူး။ ပြင်ဆင်ထားတာတွေ မရှိဘူး။

ကိုဗစ်(၁၉)ကို ကာကွယ်ဖို့ မသန်စွမ်းတွေ မှာလည်း ပူးပေါင်းပါဝင်ဖို့ တာဝန်ရှိတယ်။ သူတို့ ကို အဆင်ပြေအောင် သီးသန့်အနေနဲ့ ယာယီ နားနေဆောင်လေးတွေ အဆင်ပြေအောင် ဖန်တီးပေးဖို့ ကျွန်တော်တို့ ဆွေးနွေးထားတာရှိ တယ်။ အရပ်ဘက်အဖွဲ့အစည်းတွေက ဗော်လန် တီယာတွေက ကူညီချင်တယ်။ ဝှီးချဲသမားတွေ၊ အမြင်အာရုံမသန်စွမ်းတွေ၊ မသန်စွမ်းမှုပြင်းထန် တဲ့သူတွေကိုကူညီဖို့ ကျွန်တော်တို့ မသန်စွမ်း အဖွဲ့တွေ ဆွေးနွေးထားတာတော့ရှိပါ တယ်။ ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ မသန် စွမ်းတွေကိုလည်း ကျွန်တော်တို့က ကမ်ပိန်းတွေ၊ အသိပညာ ဗဟုသုတပေးတာတွေလည်းရှိ တယ်။ သူတို့ကလည်း သူတို့မဲကို ကိုယ်တိုင်ပေး ချင်ကြတယ်။ မသန်စွမ်းတွေအတွက် သီးသန့် နားနေဆောင်လေး လုပ်ပေးမယ်ဆိုရင်တော့ ပါဝင်ချင်တယ်။ မသန်စွမ်းတွေအနေနဲ့ ကြိုတင်မဲ ကိုလည်း စိုးရိမ်မှုရှိတယ်။ အစိုးရဘက်ကနေပြီး တော့ မသန်စွမ်းတွေရဲ့ အခွင့်အရေး ကျွန်တော် တို့နိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ်တိုင်ကိုယ်ကျပါဝင်မဲပေးနိုင်ဖို့ အရပ်ဘက်အဖွဲ့ အစည်းတွေနဲ့ပူးပေါင်းပြီးတော့ မသန်စွမ်းတွေ မဲပေးနိုင်အောင် အဆင်ပြေမယ့် နည်းလမ်းတွေ ကို ထည့်သွင်းပေးစေချင်ပါတယ်။

ဦးမျိုးအောင်(လှိုင်သာယာမြို့နယ်လုံးဆိုင်ရာ မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ)

အခက်အခဲကတော့ လောလောဆယ်မပေးရသေးတဲ့ အတွက် မသိသေးဘူး။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တော့ မသန်စွမ်းတွေနဲ့ပတ်သက်ပြီး အဆင်ပြေအောင် လုပ်ပေး မယ်ဆိုတာကိုတော့ ကျွန်တော်တို့ သိရတယ်။ ရောဂါအကာ အကွယ်ဖြစ်အောင်။ Mask တပ်ပြီး အထဲကို ဝင်ရတာမျိုးတွေ၊ တစ်ယောက်နဲ့တစ်ယောက်ချဲပြီးမှ ဝင်ရတာမျိုးတွေ စီစဉ်ထားတယ် လို့တော့ ကျွန်တော်တို့သိရတယ်။ မဲရုံတွေမှာ မသန်စွမ်းမျက်မမြင် တစ်ယောက်အနေနဲ့ ကိုယ်တိုင်ပေးနိုင်ဖို့ဆိုရင် ကျွန်တော်တို့ အတွက် မျက်မမြင်လက်စမ်းစာပေ ( Braille Template)တွေ စီစဉ်ပေးရင်တော့ ကောင်းတာပေါ့။ မြန်မာနိုင်ငံ မျက်မမြင်အသင်း ကလည်း လောလောဆယ် ဒီနှစ်မှာတော့ မျက်မမြင်လက်စမ်း စာပေ (Braille Template)စီစဉ်ပေးတာတော့ရှိတယ်။ ဒါပေမဲ့ သူကတော့ မျက်မမြင်အများစုရှိမှ စီစဉ်ပေးနိုင်မှာပါ။ ကျန်တဲ့ရုံတိုင်းတော့ မပေးနိုင်ဘူး။

တစ်ဦး၊ နှစ်ဦးရှိတဲ့ နေရာမျိုးကျတော့ မျက်မမြင်လက်စမ်း စာပေ( Braille Template)မရှိဘူးလေ။ နေရာတိုင်းမှာ မျက် မမြင်စာနဲ့လုပ်ထားတဲ့ မျက်မမြင်လက်စမ်းစာပေ(Braille Template)တွေရှိရင်တော့ အဆင်ပြေတယ်။ မျက်မမြင်လက်စမ်းစာနဲ့ ဘေးမှာအကွက်လေးတွေရှိတယ်။ တံဆိပ်တုံးလေးကိုနှိပ်လိုက်၊ ကိုယ်ပေးချင်တဲ့ ပါတီကို အကွက်ထဲမှာ နှိပ်လိုက်ရင် တံဆိပ်နှိပ်လိုက် တာပေးပြီးသားဖြစ်တယ်။ အမှန်ကတော့ စာရွက်ကလေးညှပ်ပြီးတော့ မျက်မမြင်လက်စမ်းစာပေ (Braille Template)စနစ်နဲ့ ထားပေးရင် ပိုအဆင်ပြေတယ်။ မျက်မမြင်တစ်ယောက်တည်း ပေးလို့ရတာပေါ့။ အဲဒီလိုမျိုးမရှိတဲ့အခါကျတော့ အကူအညီပေးမယ့်သူတွေ ကို ခေါ်ရတယ်။ ကိုဗစ်ကာလမှာ တချို့ မသန်စွမ်းတွေ မထွက်ရဲတော့ ကြိုတင်မဲပေးဖို့ စီစဉ်နေကြတယ်။ ကိုယ်အင်္ဂါမသန် စွမ်းတွေဆိုရင် ပြင်းထန်တဲ့သူတွေကျတော့ အိမ်ထဲက အိမ်ပြင် မထွက်ရဲကြတော့ သိပ်အဆင်မပြေဘူး။ မဲရုံကိုသွားဖို့ အဆင်မပြေ တဲ့အခါကျတော့ သူတို့တစ်တွေအနေနဲ့ ကြိုတင်မဲပေးမယ့် အစီ အစဉ်လေးတွေရှိကြတယ်။ ကိုယ်အင်္ဂါမသန်စွမ်းတဲ့သူတွေကတော့ အဲဒီလိုစီစဉ်ထားတယ်။ တခြားသူတွေကတော့ မဲရုံမှာပေးကြမယ့် အစီအစဉ်လေးတွေလည်း ရှိတယ်။

စံတော်ချိန်သတင်းအဖွဲ့ -စုစည်းသည်

စံတော်ချိန်ဗိုက်ဗာ – https://tinyurl.com/y5vtkrh7

စံတော်ချိန်ယူကျု့-https://www.youtube.com/c/TheStandardTimeTVFreeToAir