ရွေးကောက်ပွဲကော်မရှင်နှင့်ကြိုတင်ပြင်ဆင်မှုအားနည်းချက်များအတွက်မေးခွန်းများ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေသည့်ကာလအတွင်း၂၀၂၀ ပြည့်နှစ် အထွေအထွေရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသက် ၆၀ နှစ်နှင့်အထက်သက်ကြီးရွယ်အိုများကို အောက်တိုဘာ၂၉ရက်မှနိုဝင်ဘာ၅ရက်အထိကြိုတင်မဲပေးနိုင်ရန်နှင့်ပိုးတွေ့လူနာများနှင့်ကွာရန်တင်းဝင်နေသူများမဲပေးနိုင်ရန်စီစဉ်ခဲ့မှုအပါအဝင်ကြိုတင်မဲအတွက်ပြင်ဆင်မှုများလုပ်ဆောင်ခဲ့သော်လည်းစနစ်မကျမှုများ၊ချွတ်ချော်မှုများနှင့်သံသယဖြစ်ဖွယ်အဖြစ်အပျက်တချို့ကြောင့် ဝေဖန်မှုများရှိခဲ့သည်။

၂၀၁၉ ခုနှစ်ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၆၀ နှစ်နှင့်အထက် မဲပေးခွင့်ရှိသူသည် ၅၁၆၁၁၆၈ ဦးရှိပြီး ရန်ကုန်တိုင်းကဲ့သို့သော COVID -19 ကူးစက်မှုအများဆုံးဖြစ်နေသောမြို့နယ်များနှင့် လူဦးရေထူထပ်သောမြို့နယ်များ ၊ အိမ်တွင်နေထိုင်ရေးအစီအစဉ် အကြုံးဝင်သောမြို့နယ်များတွင် အိမ်တိုင်ရာရောက်ကြိုတင်မဲကောက်ယူခဲ့ပြီး ကျန်မြို့နယ်များတွင် ကော်မရှင်က သတ်မှတ်ထားသည့် မဲရုံများတွင်မဲပေးခဲ့ကြရသည်။

ကြိုတင်မဲပေးရာတွင် မဲရုံအချို့တွင် သက်ကြီးရွယ်အိုများ အချိန်ကြာမြင့်စွာစောင့်ဆိုင်းခဲ့ရခြင်း ၊ အိမ်တိုင်ယာရောက် ကြိုတင်မဲကောက်ခံရာတွင် ပါဆယ်အိတ်ဖြင့် ကြိုတင်မဲများထည့်စေခြင်း ၊ မဲပုံးစည်းကြိုးများပျက်စီးခဲ့ခြင်းနှင့် တံဆိပ်တုံး အတုပြုလုပ်မှုကြောင့် ပယ်မဲဖြစ်ခဲ့ခြင်းများ၊ ကြိုတင်မဲလိုက်လံကောက်ခံရာတွင် ပါတီတံဆိပ်အမှတ်အသားပါသည့် ဆိုက်ကားကို အသုံးပြုခဲ့ခြင်းများ သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စနစ်မကျမှုများတွင်ပါဝင်ခဲ့သည်။

အောက်တိုဘာ ၂၉ ရက်က မကွေးတိုင်းဒေသကြီးပေါက်မြို့နယ် ကျွန်းရင်းကျေးရွာတွင် နေထိုင်သူ အသက် ၆၀ နှစ်နှင့် အထက် ကြိုတင်မဲပေးခွင့်ရှိသူများသည် ကျွန်းရင်းကျေးရွာ ယာယီမဲရုံတွင်ကြိုတင်ဆန္ဒမဲပေးရာတွင် ကျေးရွာကော်မရှင်ဥက္ကဋ္ဌသည် အသက်အရွယ်ကြီးသူများကို ပြင်ပမှ အကူခေါ်ခွင့်မပြုဘဲ ယာယီမဲရုံတွင် ကော်မရှင်ဥက္ကဋ္ဌ နှင့်မဲပေးမည့် သူနှစ်ဦးသာရှိခဲ့ပြီး ကြိုတင်မဲပေးမည့်သူများ၏ ဆန္ဒမပါဘဲ တခြားပါတီကို တံဆိပ်ရိုက်နိုပ်ခဲ့ခြင်းကြောင့် မဲပေးခဲ့သည် လူ ၄ဝဦး၏ ဆန္ဒမဲလက် မှတ်များပယ်မဲဖြစ်ခဲ့ကြောင်း ပေါက်မြို့နယ် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရဲထွန်းဝင်းကပြောသည်။

ရွေးကောက်ပွဲအကြိုကာလတွင် ယခုကဲ့သို့ စနစ်မကျမှုများနှင့် အငြင်းပွားမှုများ မဖြစ်ပေါ်မီ ၂၀၁၅ ရွေးကောက်ပွဲအပြီး ၂၀၁၆ ဝန်းကျင် တွင် ရွေးကောက်ပွဲကော်မရှင်နှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန်အကြံပေးခဲ့ကြောင်း လည်း ဦးရဲထွန်းဝင်းကဆက်ပြောသည်။

“ ၂၀၂၀ ရွေးကောက်ပွဲအတွက်ကို မြို့နယ်ကော်မရှင်ကိုပဲလဲလှယ်နိုင်တယ်။ ရပ်ကျေးကော်မရှင်ကို ဒီအတိုင်းထားခဲ့ရတယ်။ တစ်ကယ်တော့ရပ်ကျေးကော်မရှင်က ကလည်းအရေးပါတဲ့နေရာမှာရှိနေတာ။ ပြည်သူတွေပူးပေါင်းပါဝင်တဲ့ ဖွဲ့စည်း မှုမျိုးမလုပ်ခဲ့ကြဘူး။ ကျွန်တော်တို့ဒီကိစ္စနဲ့ပတ်သက်လို့ အကောင် အထည်မဖေါ်နိုင်ခဲ့ပါဘူး” ဟု ဦးရဲထွန်းဝင်းကပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ရွေးကောက်ပွဲအကြိုကာလ ကြိုတင်မဲပေးမှု ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုဝင်ဘာ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် သတင်းထုတ်ပြန်ခဲ့ရာတွင် ကော်မရှင်၏ လုပ်ဆောင်ချက်များနှင့် တရားမဲပြုကျင့်မှုများအတွက် အချက် ၅၀ ထက်မနည်းဖေါ်ပြမှု ရှိခဲ့သည်။

အောက်တိုဘာ ၃၀ ရက်က စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် ကျွဲရိုက်ကျေးရွာအုပ်စုမဲရုံ၌ နံနက် ၁ဝနာရီ၄၀ မိနစ်အချိန် တွင် ဆန္ဒမဲလာရောက်ပေးသူများမှ ကိုယ်တိုင် ဆန္ဒမဲတံဆိပ်တုံးမရိုက်ဘဲ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲမှ ဦးကျော်တင်၊ ဦးဝင်းနိုင်၊ ဦးသိန်းဆွေ၊ ဦးမြင့်ကျော်တို့က မဲဆန္ဒရှင်များ၏ ဆန္ဒမဲ လက်မှတ်များကို တံဆိပ်ရိုက်နှိပ်ခဲ့သည်။ထို့အတွက် သက်ဆိုင်ရာ ပါတီသီးသီး၏ မဲရုံကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သည်။

ထို့အတူ ရှမ်းပြည်နယ်(အရှေ့) ကျိုင်းတုံမြို့နယ် ရပ်ကွက်(၁) အမှတ်(၃)မဲရုံ၌ ညနေ ၅ နာရီခွဲတွင် မဲပုံးချိတ် ပိတ်သည့်ကြိုး ပျက်စီးမှုဖြစ်ပွားခဲ့သည်။ အောက်တိုဘာ ၃၁ ရက်နေ့တွင် နေပြည်တော်ကောင်စီ ဒက္ခိဏသီရိမြို့နယ် ချိုင်းကျေးရွာမဲရုံ(၁)၌ နံနက် (၁ဝး၄၅)နာရီချိန်တွင် မဲလက်မှတ်ထုတ်ပေးသူမှ ၎င်းတို့၏ပေါ့ဆမှုကြောင့် ဘောပင်ခြစ်ရာ ပါနေသည့် မဲ လက်မှတ်(၅)ခုအား ပယ်မဲ အဖြစ် ပြုလုပ်ခဲ့သော်လည်း နောက်ဆုံးတွင် အချင်းချင်းညှိနှိုင်း ဆောင်ရွက်ခဲ့ရာ ခိုင်လုံမဲအဖြစ် သတ်မှတ်ခဲ့သည်။

အောက်တိုဘာ ၂၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၂)နယ်မြေ၊ နမ်းခမ်းကျေးရွာမဲရုံအမှတ်(၁)နှင့် (၂)၌ အမျိုးသားလွှတ်တော်ဆန္ဒမဲလက်မှတ်များ ထည့်သည့် စာအိတ်များလိုအပ်၍ ကျေးရွာကော်မရှင်ခွဲဥက္ကဋ္ဌက ပြင်ပစာအိတ်များအသုံးပြုခဲ့ရမှုများလည်း ရှိသည်။

အောက်တိုဘာ ၃၁ ရက်နေ့တွင် သာယာဝတီမြို့ ဖိုးခေါင်အုပ်စု ဇရပ်ကြီးမဲရုံတွင် မဲရုံတံဆိပ်တုံးမရှိသဖြင့် တံဆိပ်တုံး ရှိ သည့်ဖိုးခေါင်မဲရုံသို့ လာရောက်မဲပေးရန် ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်မှပြောကြား သည်ကို ဇရပ်ကြီးမဲဆန္ဒရှင်များမှ မကျေနပ်မှုဖြစ်ပေါ်ခဲ့ခြင်းများလည်း ရွေးကောက်ပွဲအကြိုကာလတွင် ဖြစ်ပေါ်ခဲ့ပါသည်။

ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များသည် တစ်ရွာတစ်ပုဒ်ဆန်းဆိုသကဲ့သို့ဖြစ်နေပြီး တိကျသည့်လုပ်ငန်း လမ်းညွှန်များ နှင့် စည်းကမ်းသက်မှတ်ချက်များမတွေ့ရကြောင်း လွှတ်တော်နှင့် ရွေးကောက်ပွဲများ လေ့လာစောင့်ကြည့်ရေး အဖွဲ့ဖြစ်သည့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ အမှုဆောင်ဒါရိုတာ ဦးအေးကျော်က စံတော်ချိန်သို့ပြောသည်။

“ မြေပြင်မှာ အကောင်အထည်ဖေါ်နေတဲ့ဟာကိုကြည့်ရင် သက်သေပါပဲ။ လှည့်လှည်ပြီးကြိုတင်မဲကောက်တယ် ကောက်ပြီးတော့ ဆိုက်ကားပေါ်တင်တယ် ။ အဲဒီဆိုက်ကားရဲ့ထီးက ပါတီအလံတံဆိပ်ပါတာဖြစ်နေတယ် ဒါမျိုးတွေပေါ့။ ဒါတွေက မဖြစ်သင့်တဲ့အရာပါ။” ဟု ဦးအေးကျော်က မှတ်ချက်ပြုသည်။

ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့သော ရွေးကောက်ပွဲကော်မရှင်သည် ကြိုတင်မဲထည့်ရန်စာအိတ်ကိုပင် သေချာစွာမစီ စဉ်နိုင်ခဲ့ဟု ဦးအေးကျော်က ဆက်ပြောသည်။ ထို့အတွက် လွတ်လပ်ပြီးတရားမျှတသည် ဆိုသော ကော်မရှင်၏လုပ်ဆောင်ချက် မေးခွန်းထုတ်စရာဖြစ်လာသည်။

“ စာအိတ်တွေရဲ့အရည်အသွေးကလည်း ညံ့တယ်။ ကော်ကလည်း ကြုံရာကော်နဲ့သုံးနေရတယ်ဆိုရင် စာအိတ်ဖွင့်တဲ့အခါ ပြဿနာဖြစ်လာနိုင်တာတွေ ရှိတယ်။ ဒါတွေကိုကြည့်ရင်ရွေးကောက်ပွဲကော်မရှင်ဟာ ပြင်ဆင်မှုအားနည်းခဲ့တာ သက်သေပဲ” ဟု ၎င်းကပြောသည်။

ရွေးကောက်ပွဲအတွက် အရေးကြီးသည့် ကြိုတင်မဲ ထည့်ရမည့် စာအိတ်များ စိတ်ချလုံခြုံစွာ ပြင်ဆင်ထားမှုမရှိခြင်း မဲရေတွက်ရာတွင် ရပ်ကွက်အလိုက်ကျပန်းအလုပ်သမားများဖြင့် ပြင်ဆင်ဆောင်ရွက်ခြင်း၊ လှိုင်သာယာမြို့နယ်တွင် တိုင်းရင်းသားလူမျိုးစု လွှတ်တော် ကိုယ်စားလှယ်အတွက် မဲစာအိတ်များ မပါလာခြင်း၊ မဲရုံမှူးများမရှိခြင်း စသည့်အခြေအနေများတွေ့ခဲ့ရကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်ကပြောသည်။

“ကြိုတင်မဲပေးတဲ့ စာအိတ်ထည့်တဲ့ မဲပုံးတွေကို ပလက်စတစ်ကြိုးတွေနဲ့ Lock လုပ်ထားတာမျိုးတွေတွေ့ရတယ်။ လူတန်း ၇ ယောက်လောက်ရှိနေတာကို ကော်မရှင်အဖွဲ့က ပြန်ပါပြန်ပါ မဲမပေးနဲ့ဆိုပြီးပြောတာတွေလည်း ရှိခဲ့ပါတယ်။” ဒေါက်တာသက်သက်ခိုင်ကပြောသည်။

ထိုနည်းတူစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ညွှန်ကြားချက်များသည်ရှင်းရှင်းလင်းလင်းမရှိသောကြောင့် လိုက်နာ ဆောင်ရွက်ရမည့်သူ များအတွက်လည်း ဝေဝါးမှုကိုဖြစ်စေခဲ့‌ကြောင်းပြည်သူ့ပါတီ မှ ကမာရွတ်မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲနိုင်အောင် ကပြောသည်။

နိုင်ငံရေးပါတီများ ၊ နိုင်ငံရေးလေ့လာသူများ၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည်သူများက ကော်မရှင်သည် ကြိုတင်မဲပေးမှု ကာလရွေးကောက်ပွဲအကြိုကာလတွင် စနစ်မကျခဲ့ဟု ပြောဆိုသည့်တိုင်တစ်စုံတစ်ရာ တုန့်ပြန်မှုမရှိသော်လည်း တပ်မတော် ကရွေးကောက်ပွဲနှင့်ပတ်သက်သည့် ထုတ်ပြန်ချက် ထုတ်ပြန်ပြီးနောက် နိုင်ငံတော်သမ္မတရုံးက ပြန်လည်တုန့်ပြန့်ခဲ့သည်။
ပြင်ဆင်ချိန် လေးနှစ်ကျော်ကာလ ရခဲ့ပါလျှက်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြင်မှုအားနည်းခဲ့ကြောင်းအပါအဝင် အချက် ၇ ချက်ပါသော ထုတ်ပြန်ချက်ကို တပ်မတော်ကထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံတော်သမ္မရုံး၏ တုန့်ပြချက်တွင် ကြိုတင်မဲကိစ္စများနှင့်ပတ်သက်၍ အငြင်းပွားမှုများသည် ၂၀၁၀ ၊ ၂၀၁၅ ၊ ၂၀၂၀ ရွေးကောက်ပွဲများ တွင်ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်တစ်ခုသာဖြစ်ပြီးကြိုတင်မဲ စာအိတ်အရည်အသွေးနှင့် မဲပုံး များ၏ အရည်အသွေးကိုလည်း ပြန်လည်စိစစ်နေကြောင်းနှင့် ၂၀၁၅ ရွေးကောက်ပွဲကာလတွင် လူကြောင့်အငြင်းပွားမှုများ ကြုံတွေ့ခဲ့ရကြောင်း နိုဝင်ဘာ ၄ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းထောက်များကိုပြောကြားခဲ့သည်။

မည်သို့ဆိုစေ ကြိုတင်မဲပေးခဲ့မှုများစနစ်မကျခဲ့ခြင်းသည် နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲအပေါ်သက်ရောက်မှုများ ရှိလာနိုင်ပြီး ထွက်ပေါ်ခဲ့သောရွေးကောက်ပွဲရလဒ်ကိုနိုင်ငံရေးပါတီတချို့၏စောဒကတက်မှုများအပါအဝင်ရွေးကောက်အကြိုကာလအငြင်းပွားဖွယ်အဖြစ်အပျက်များအတွက် ရွေးကောက်ပွဲကော်မရှင်ကတာဝန်ယူရတော့မည့်ဖြစ်သည်။

သတင်းဆောင်းပါး-စံတော်ချိန်ဒစ်ဂျစ်တယ်သတင်းအဖွဲ့