၁၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် System ရဲ့ သီချင်းသစ် နှစ်ပုဒ်ထွက်ရှိ

၂၀၀၆ ခုနှစ်က ဂရေမီဆုရပြီးနောက်ပိုင်း အဖွဲ့လိုက် လှုပ်ရှားမှုသိပ်မရှိတော့တဲ့ System of a Down အဖွဲ့ဟာ ၁၅ နှစ်အတွင်း သူတို့ရဲ့ ပထမဆုံးသီချင်း နှစ်ပုဒ်ကို ယမန်နေ့က ထုတ်လွှင့်လိုက်ပါတယ်။

ဒါရွန်းမလက်ကီယန်၊ ဂျွန်ဒိုမာယန်၊ အိုဒက်ဂျီယန်နဲ့ တန်ကီယန်တို့ပါဝင်တဲ့ အဲဒီမော်ဒန်ရော့ခ်ဂီတအဖွဲ့ဟာ လက်ရှိ ဖြစ်ပွားနေတဲ့ အာမေးနီးယားစစ်ပွဲကို ရည်ရွယ်ရေးစပ်ထားတဲ့ သီချင်းသစ် နှစ်ပုဒ်ကို ထုတ်လွှင့်ခဲ့တာဖြစ်ပြီး “Protect the Land”နဲ့ “Genocidal Humanoidz” လို့ အမည်ပေးထားပါတယ်။

System of a Down အဖွဲ့ဟာ အရင်ကလည်း စစ်ပွဲနဲ့ နိုင်ငံရေးတွေကို ရည်ရွယ်ရေးစပ်တဲ့သီချင်းတွေကို သီဆိုခဲ့ဖူးတဲ့ အဖွဲ့ဖြစ်ပါတယ်။

သီချင်းရောင်းလို့ရတဲ့ငွေတွေကို လက်ရှိစစ်ဖြစ်ပွားနေတဲ့ နာဂေါနိုး-ကာရက်ဘက်ခ်ျဒေသမှ အာ့တ်ဆက်ခ်ျပြည်နယ်ရန်ပုံငွေအတွက် သုံးသွားမယ်လို့ People မဂ္ဂဇင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ကိုးကား – People.com
သတင်း – မောင်ဇေယျ