ရွေးကောက်ပွဲအကြိုကာလရဲ့ စိတ်ဝင်စားဖွယ်အဖြစ်အပျက်များ

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်မှာ COVID-19 ကပ်ရောဂါကာလအတွင်း ကျင်းပရမည်ဖြစ်သည့်အပြင် ရွေးကောက်အကြိုကာလတွင်လည်း ယခင်ရွေးကောက်ပွဲများနှင့်ကွဲပြားသည့်ဖြစ်စဉ်များ၊ အငြင်းပွားစရာဖြစ်ရပ်အများအပြားရှိခဲ့သည်၊။ ပါတီတစ်ခုနှင့်တစ်ခု အပြိုင် မဲဆွယ်စည်ရုံးမှုများတွင် ပဋိပက္ခကြောင့် လူသေဆုံးခဲ့မှုများ ၊ မတော်တဆ ထိခိုက်ဒဏ်ရာရရှိခဲ့မှုများ ၊ သေဆုံးမှုများလည်းရှိခဲ့သည့်အပြင် ဘာသာရေးနှင့်လူမျိုးရေးကို အသုံးချကာ မဲဆွယ်မှုများလည်းရှိခဲ့ပါသည်။

ယခုဖေါ်ပြမည့် အဖြစ်အပျက်များမှာ စံတော်ချိန်သတင်းဌာနမှ စုစည်းမှုများဖြစ်ပြီး တခြားသော ဖြစ်စဉ်အကြောင်းအရာများစွာလည်း ရှိနေနိုင်ပါသေးသည်။ မဲဆွယ်ကာကို ရက်ပေါင်း ၆၀ ခွင့်ပြုပေးခဲ့ပြီးနောက် စက်တင်ဘာလလယ်မှ စတင်ကာ မဲဆွယ်စည်းရုံးမှု များစတင်ခဲ့ပြီးနောက် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် လှုပ်ရှားမှုများလည်း တစ်ရက်ထက်တစ်ရက် အရှိန်မြင့်လာပြီး နေ့စဉ်နှင့်အမျှ စိတ်ဝင်စားဖွယ်သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

စက်တင်ဘာ ၂၇

တိုင်းရင်းသားပါတီများတွင် အင်အားအကြီးဆုံးနှင့် သြဇာအရှိဆုံးဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးသည် ပါတီဥက္ကဋ္ဌရာထူးမှ နှုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ ဦးခွန်ထွန်းဦး နှုတ်ထွက်မှုအတွက် သုံးသပ်မှုများစွာလည်း ရှိခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ပါတီဥက္ကဋ္ဌ တာဝန်များကို ပြန်လည်ထမ်းဆောင်ခဲ့သည်။

အောက်တိုဘာ ၃

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ကန်နီကျေးရွာမှာ NLD ပါတီ မြို့နယ်အလုပ်အမှုဆောင် ဦးမြင့်နိုင်၏ နေအိမ်နှင့်ပိုင်ဆိုင်မှုများကို လူတစ်စုက ဝိုင်းဝန်းရန်ပြုဖျက်စီးခဲ့ရာ ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ရပြီး နေအိမ်နှင့်ပိုင်ဆိုင်မှုများ ဖျက်စီးခံခဲ့ရသည်။ ထိုနေ့မှာပင် ဝေဖန်မှုများဖြစ်စေနိုင်ခြင်းကြောင့် NLD ပါတီကို ထောက်ခံကြောင်း အင်အားပြမှု ယာယီရပ်ဆိုင်းရန် NLD ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီက မေတ္တာရပ်ခံခဲ့သည်။

အောက်တိုဘာ ၎

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထို – ကင်မွန်းချောင်း လမ်းပေါ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဝန်းရံသူများ အောင်နိုင်ရေးလှည့်လည်သော ကားတစ်စီးတိမ်းမှောက်၍ လူရှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာ ၁၄

တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်းများဖြစ်သော ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်၊ ဒေါ်ချစ်ချစ်ချောတို့သုံးဦးအား AA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ယင်းမှာ မဲဆွယ်စည်းရုံးရေးကာလ၏ အထူးခြားဆုံးဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါသည်။

အောက်တိုဘာ ၁၅

နှင်းဆီပါတီ ( ခေါ် ) ညီညွှတ်သောဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်သည် တရုတ်နိုင်ငံဘက်မှ တရားမဝင် ငွေကျပ် ၁၆ ဒသမ ၃၁၅ ဘီလီယံကို လွဲပြောင်းရယူခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

အောက်တိုဘာ ၁၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညီညွှတ်သောဒီမိုကရက်တစ်ပါတီ ( UDP ) ကို ပါတီအဖြစ်မှ ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။

အောက်တိုဘာ ၁၇

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအေးသိန်းသည် ဦးနောက်နှင့်အာရုံကြောထိခိုက်မှုကြောင့် ကွယ်လွန်ခဲ့သည်။

အောက်တိုဘာ ၁၈

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များက မူဆယ်မြို့နယ် မန်းဟိုးမြို့နယ်ခွဲ ၁၉ ရွာသို့ ပါတီအောင်နိုင်ရေးအတွက် စည်းရုံးရေးဆင်းခဲ့ရာ ၎င်းတို့စီးလာသော ကားသည် ရွှေလီမြစ်အတွင်းသို့ထိုးကျခဲ့ခြင်းကြောင့် ပါတီဝင် လေးဦး သေဆုံးခဲ့သည်။

အောက်တိုဘာ ၁၉

ရွေးကောက်ပွဲကျင်းပရန် ရက် ၂၀ သာလိုတော့သည့်အချိန်တွင် ရွေးကောက်ပွဲမကျင်းပသည့်နေရာများကို ကော်မရှင်ကထုတ်ပြန်ခဲ့ခြင်းသည် တိုင်းရင်းသားပြည်သူများ၏ တရားမျှတမှု ၊ တန်းတူညီမျှမှုနှင့် ရွေးကောက်ခံခွင့် မဲပေးခွင့်များဆုံးရှုံးကြောင်း တိုင်းရင်းသားပါတီ ငါးပါတီက သဘောထားထုတ်ပြန်သည်။

အောက်တိုဘာ ၂၁

မန္တလေးမြို့တောင်သမန်အင်းတွင်ပြုလုပ်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီထောက်ခံပွဲကို တာဝန်ရှိသူများက နေအိမ်တွင်နေထိုင်ရေးအစီအစဉ်တွင်ပါဝင်နေသည့် မြို့နယ်ဖြစ်ခြင်းကြောင့် ပြုလုပ်ခွင့်တားမြစ်ခဲ့သည်။

အောက်တိုဘာ ၂၂ ရက်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာအနီး ကာဘိုး – မူးလမ်းဆုံတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝန်းရံလှည့်လည်သူများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝန်းရံလှည့်လည်သူများအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝန်းရံသူ ဦးမျိုးဝင်းစိုးမှာ ရရှိခဲ့သောဒဏ်ရာဖြင့် သေဆုံးခဲ့သည်။

အောက်တိုဘာ ၂၃

ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ သတင်းမှားဖြန့်ချိမှုများ၊ လူမျိုးရေး ၊ ဘာသာရေးကိုအကြောင်းပြ စည်းရုံး လှုံ့ဆော်မှုများ မြင့်တက်လာကြောင့် နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းထောက်များကိုပြောသည်။

အောက်တိုဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် လူစုလူဝေးဖြင့် မဲဆွယ်စည်းရုံးမှု ပြုလုပ်ခဲ့သည့် NLD နှင့် USDP ပါတီ ခေါင်းဆောင် ၂၂ ဦးကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဥပဒေဖြင့် အရေးယူခဲ့သည်။

အောက်တိုဘာ ၃၀

ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုဝင်ဘာလကုန်အထိ စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၂

၁၇ လအကြာထွက်ပြေးပုန်းရှောင်နေသည့် အမျိုးသားရေးဆရာတော် ဦးဝီရသူသည် ရွေးကောက်ပွဲကျင်းပရန် ခြောက်ရက်အလိုတွင် လာရောက်အဖမ်းခံခဲ့ပြီး ထိုသတင်းမှာလည်း အတော်ဂယက်ရိုက်သွားခဲ့သည်။

နိုဝင်ဘာ ၎

ရွေးကောက်ပွဲပျက်ပြားစေရန် အချိန်ကိုက်လှုပ်ရှားမှုများကို အထူးသတိပြုရန် နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။ နမ့်ခမ်းမြို့နယ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဝန်းရံသူတစ်ဦးဖြစ်သူ ဦးစိုင်းအောင်ဝင်းအား နိုင်ဝင်ဘာ ၄ ရက်နေ့ ညနေက ဆိုင်ကယ်စီးလာသူ အမည်မသိသူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ အချိန်မီ ခွဲစိတ်နိုင်ခဲ့ခြင်းကြောင့် အသက်အန္တရယ်ထိခိုက်မှုမရှိခဲ့ပေ။

နိုဝင်ဘာ ၅

အမျိုးဘာသာ သာသနာကိုစောင့်ရှောက်သူအား မဲပေးရေး လှုပ်ရှားမှုကို နိုဝင်ဘာ ၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ ကြေးသွန်းဘုရားရှေ့တွင် ပြုလုပ်ခဲ့ကြသည်။

ယခုဖော်ပြခဲ့သည့်အဖြစ်အပျက်များမှာ ရွေးကောက်ပွဲအကြိုကာလတွင်ဖြစ်ပေါ်ခဲ့သည့် အဖြစ်အပျက်အချို့ဖြစ်ပြီး ရွေးကောက်ပွဲအပေါ် တစ်စုံတစ်ရာသက်ရောက်နိုင်သည့်အဖြစ်အပျက်များလည်း ပါဝင်နေသည်။

သတင်းစုစည်း – ကျော်သက်အောင်/စံတော်ချိန်
ဓာတ်ပုံ – MPA