အတွေးအမြင်ကို ဦးဆောင်ခဲ့တဲ့ ဇနီးမောင်နှံ

အတွေးအမြင်စာစောင်က ဆရာမောင်ဝံသရဲ့ဇနီး ဒေါ်မြင့်မြင့်ဆုံးတဲ့ သတင်းကို ဖတ်လိုက်ရတယ်။ ၂ -၁၁ – ၂၀၂၀ ရက်( တနင်္လာနေ့) နံနက် ၁၁း၂၀နာရီက မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ ကွယ်လွန်အနိစ္စရောက်တယ်လို့ သိရတယ်။အန်တီနဲ့ မတွေ့မဆုံဖြစ်တာ အတော်ကြာခဲ့ပါပြီ။ တွေ့ခဲ့၊ သိခဲ့၊ ဆုံခဲ့တုန်းကလည်း အတော်ကလေး ရင်းရင်းနှီးနှီးရှိခဲ့တယ်။

အတွေးအမြင်စာစောင်ကို ဆရာမောင်ဝံသက ၁၉၈၄ ခုနှစ် အောက်တိုဘာလမှာ စတင်ထုတ်ဝေခဲ့တယ်။ အဲဒီ အချိန်တုန်းက ကျွန်တော်တို့က တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားဘ၀ပေါ့။ သရုပ်ဖော်ပုံမပါ၊ ဝတ္ထု၊ ကာတွန်း၊ ကဗျာ၊ ဗေဒင်မပါ၊ စာသက်သက်ပဲ ရိုက်နှိပ်ထုတ်ဝေတဲ့ အတွေးအမြင် စာစောင်ကို ကျွန်တော်တို့ စိတ်ဝင်စားခဲ့မိတယ်။ ကျွန်တော် တို့ စာရူးပေရူး သူငယ်ချင်းတစ်သိုက် ဖတ်ကြည့်ကြတဲ့အခါ ကြိုက်နှစ်သက်သွားခဲ့ကြတယ်။ ‘အတွေးအမြင်’ ဆိုတဲ့အတိုင်း တွေးစရာ၊ မြင်စရာအမျိုးမျိုးကို ဖတ်ရှုရတာ သဘောကျခဲ့ကြ တယ်။

ကျွန်တော်ကတော့ အဲဒီအချိန်မှာ ကဗျာတွေပဲ ရေးနေ တဲ့သူပါ။ ကဗျာစာမူတွေကို လွယ်အိတ်ထဲထည့်ပြီး မဂ္ဂဇင်း တိုက်ပေါင်းစုံကို ခြေတိုအောင်လျှောက်သွားခဲ့တဲ့အချိန်ပေါ့။နောက်တော့ စကားပြေကိုပါ ရေးချင်လာမိတယ်။ စာဖတ် များခဲ့တာ၊ အတွေ့အကြုံ တချို့ရှိနေတာ စတာတွေကြောင့် ရေးစရာတွေလည်း ရှိလာခဲ့ပြီလေ။

အတွေးအမြင်စာစောင်ကို ဆောင်းပါးတွေရေးပြီးပို့ဖြစ် တယ်။ ဆရာမောင်ဝံသက ဦးစီးထုတ်ဝေသူ အယ်ဒီတာဆို တော့ ဆရာပဲ ဖတ်ရှုတည်းဖြတ်ပုံရတယ်။ စာမူသွားပို့ရင်းနဲ့ ဆရာမောင်ဝံသနဲ့ ရင်းနှီးခင်မင်လာခဲ့တယ်။ကျွန်တော့် စာမူ နဲ့ ပတ်သက်တာတွေကို ဆရာက ပြောပြတယ်။အဲဒီအချိန်တုန်းက တော့ လစဉ်ထုတ်ဖြစ်လိမ့်မယ်။ နောက်တော့ နှစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ်ပဲ ထုတ်ဝေတော့တယ်။ စာပေကင်ပေတိုင် ကြီးစိုးတဲ့ အချိန်အခါဆိုတော့ စာပေကင်ပေတိုင်တွေရဲ့ လက်ချက်နဲ့ ကျွန်တော့် စာမူတွေကို ဘယ်လိုသုတ်သင်ခံရတယ် ဆိုတဲ့အကြောင်းကိုလည်း ဆရာက ပြောပြတယ်။

အတွေးအမြင်မှာ စာတွေရေးနေတုန်းမှာပဲ အချိုရည် ကုမ္ပဏီတစ်ခုမှာ ကျွန်တော် အလုပ်ဝင်လုပ်ဖြစ်ခဲ့ပါတယ်။ ဆရာမောင်ဝံသလည်း ဘ၀တက္ကသိုလ်မှာ တောရဆောက် တည်ခဲ့တယ်။ ဆရာ မောင်ဝံသ တောရဆောက်တည်ခြင်း မရှိမီအချိန်ကာလကတည်းက အတွေးအမြင်နဲ့ ပတ်သက်ပြီး ရှင်သန်အောင် အန်တီက ဝိုင်းဝန်းဆောင်ရွက်ခဲ့တာပါ။ စာမူပေး၊ စာမူခထုတ်ရင်းနဲ့ အန်တီနဲ့လည်း ရင်းနှီးခင်မင်ခဲ့တယ်။

ကုမ္ပဏီအလုပ်တာဝန်နဲ့ပဲ ကျွန်တော် မိတ္ထီလာကို ပြောင်းရွှေ့ခဲ့ရတယ်။ အဲဒီအချိန်တုန်းက ကျွန်တော် အိမ်ထောင်မကျသေးပါဘူး။ အတွေးအမြင်စာစောင်ကိုလည်း စာစောင်ဖိုးတွေကြိုသွင်းပြီး မှာယူဖတ်ရှုခဲ့သလို စာတိုက်က တစ်ဆင့် စာမူတွေလည်း ပေးပို့ခဲ့ပါတယ်။

မိတ္ထီလာကနေ ရန်ကုန်ကိုလည်း အခါအခွင့်သင့်တိုင်း ပြန်လာခဲ့တယ်။ ပြန်လာတိုင်းလည်း အတွေးအမြင်စာစောင် တိုက်ကို ရောက်ဖြစ်တယ်။ တစ်ခါမှာတော့ ရန်ကုန်ကို ပြန်လာရင်း အန်တီ့အတွက် ဝယ်လာတဲ့ ပျားရည်ပုလင်းယူ လာပြီး အတွေးအမြင်စာစောင်တိုက်ကို ရောက်ခဲ့တယ်။ စာမူ ခလည်း ထုတ်ရင်းပေါ့။အချိန်ကတော့ နွေရာသီစာသင်ကျောင်း တွေပိတ်ထားတဲ့အချိန်ပါ။

ဆယ်တန်းစာမေးပွဲတွေ မဖြေဆိုခင် ၁၉၉၇ ခုနှစ် ဇန်နဝါရီ+ဖေဖော်ဝါရီလတွေအတွက် ထွက်ရှိခဲ့တဲ့ အတွေး အမြင်စာစောင်မှာ ကျွန်တော့် ရဲ့ဆောင်းပါးတစ်ပုဒ် ပါခဲ့တယ်။ ဆောင်းပါးအမည်ကတော့ ‘စာမေးပွဲမှသည်…..’ ဖြစ်တယ်။ အကြောင်းအရာကတော့ စာမေးပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပဲဖြစ်တယ်။ စာမေးပွဲအောင်တာ၊ ကျတာတွေဟာ ဘ၀တစ်ခုလုံးနဲ့ မဆိုင်ကြောင်း၊ ဘ၀ကို အဆုံး အဖြတ်ပေးတာလို့ မယူဆစေလိုကြောင်း၊ စာမေးပွဲမှာ စာခိုးချပြီး ဖြေဆိုတာတော့ မကောင်းတဲ့အကြောင်း၊ အကျင့် စာရိတ္တပျက်ပြားမှုသာဖြစ်ကြောင်း၊ အဲဒီလို စာမေးပွဲမှာ စာခိုးချပြီး အောင်မြင်သွားသူတွေ ဌာနဆိုင်ရာကို ရောက်ရှိခဲ့တဲ့အခါ မှာ အဲဒီအကျင့်တွေပါသွားခဲ့ရင် မကောင်းတဲ့အကြောင်း စသဖြင့် ရေးလိုက်မိတယ်။ ဘယ်လိုကနေ ဘယ်လိုဖြစ်ခဲ့တာလဲ တော့မသိ၊ ပုံနှိပ်စာလုံးအဖြစ်ကိုတော့ရောက်လာတယ်။

ကျွန်တော်နဲ့တွေ့တဲ့အခါ အန်တီက ယခုလိုပြောပါတယ်။

‘ရှင့် ဆောင်းပါးနဲ့ ပတ်သက်ပြီး မေးလား၊ စမ်းလားလုပ်လို့ ဖြေရသေးတယ်’
‘ဘာဖြစ်လို့လဲ အန်တီ’

‘ရှင်က စာမေးပွဲမှာ စာခိုးချတဲ့အကြောင်းတွေ၊ဘာတွေ ရေးတာကိုး။ အဲဒါကို မေးတာ၊ အဲဒီစာရေးဆရာက ဘာသ ဘောနဲ့ ရေးတာလဲတဲ့။ ကျွန်မလည်း ပြောလိုက်ပါတယ်၊ မသိဘူး။စာရေးဆရာက သူ့အတွေးနဲ့ သူ ရေးတာ၊နယ်ကနေ စာမူ လှမ်းပို့တာလို့’

ကျွန်တော်ကတော့ ဘာမျှမပြောဘဲ ပြုံးနေမိတယ်။တစ်ခါကလည်း ကိုယ်ရေးမှတ်တမ်းတောင်းလို့ စာတိုက်ကနေ ပို့ပေးခဲ့ဖူးတယ်။

ကုမ္ပဏီအလုပ်တာဝန်နဲ့ပဲ ပဲခူးကို ပြောင်းလာခဲ့ရတယ်။ အိမ်ထောင်လည်း ကျပြီဖြစ်လို့ ဇနီးဖြစ်သူရှိတဲ့ ရန်ကုန်နဲ့ နီးအောင် ပဲခူးကို ပြောင်းလာမိတာလည်း အကြောင်းတစ် ကြောင်းပေါ့။ ပဲခူးနဲ့ ရန်ကုန်ကတော့ အိမ်ဦးနဲ့ ကြမ်းပြင်လို ဖြစ်နေပြီလေ။

အတွေးအမြင် စာစောင်တိုက်ကိုရောက်တဲ့အခါ အန်တီ့ ကို ကျွန်တော် ပဲခူးမှာရောက်နေတဲ့အကြောင်း ပြောပြဖြစ် ပါတယ်။ အန်တီက ‘ဟုတ်လား၊ ပဲခူးတံတားအကျော်မှာရှိတဲ့ သင်္ကန်းတိုက်က အန်တီတို့အိမ်ပေါ့၊ အန်တီက နေရှင်နယ် ကျောင်းထွက်လေ’လို့ ဆိုပါတယ်။

“သရုပ်ဖော်ပုံမပါ၊ ဝတ္ထု၊ ကာတွန်း၊ ကဗျာ၊ ဗေဒင်မပါ စာသက်သက်ပဲ ရိုက်နှိပ်ထုတ်ဝေတဲ့ အတွေးအမြင်စာစောင်ကို ကျွန်တော်တို့ စိတ်ဝင်စားခဲ့မိတယ်။ ကျွန်တော်တို့ စာရူးပေရူး သူငယ်ချင်းတစ်သိုက် ဖတ်ကြည့်ကြတဲ့အခါ ကြိုက်နှစ်သက် သွားခဲ့ကြတယ်။ ‘အတွေးအမြင်’ ဆိုတဲ့အတိုင်း တွေးစရာ၊ မြင်စရာ အမျိုးမျိုးကို ဖတ်ရှုရတာ သဘောကျခဲ့ကြတယ်။”

ပဲခူးမှာ အလုပ်လုပ်နေရင်းနဲ့ အဲဒီအချိုရည်ကုမ္ပဏီ ကနေ ကျွန်တော်အလုပ်ထွက်ဖြစ်တယ်။ တီဗွီဂိမ်းဆိုင်ဖွင့်တယ်။ သုံး၊ လေးလလောက်ကြာတဲ့အခါ လှိုင်သာယာက ပဲဂိုဒေါင် တစ်ခုမှာ ဂိုဒေါင်မှူးလုပ်တယ်။ နောက် အလူမီနီယမ် ကုမ္ပဏီ တစ်ခုမှာ ဂိုဒေါင်မှူးလုပ်တယ် ။ အလုပ်တွေပြောင်းလုပ်ရင်းနဲ့ အတွေးအမြင်မှာ စာမရေးဖြစ်တော့ဘူး။မိသားစုတာဝန်တွေ လည်း ပိုလာခဲ့ပြီလေ။

သုံး၊ လေး နှစ်လောက်ကြာတဲ့အခါ ဆရာမောင်ဝံသရဲ့ ‘ဝေါမြို့က လာခဲ့တယ်’ဆိုတဲ့ စာအုပ်နဲ့ပတ်သက်ပြီး ဆရာ မောင်ဝံသဆီကို တယ်လီဖုန်းဆက်မိတယ်။ ကိုယ့်ကိုယ်ကိုယ် လည်း ပြန်ပြီးမိတ်ဆက်ရင်းပေါ့။ ဆရာမောင်ဝံသက ကျွန်တော့်ကို မှတ်မိတယ်။ ပြီးတော့ တယ်လီဖုန်းထဲကနေ အခုလို ပြောတယ်။

‘ခင်ဗျား အခု ဘယ်ရောက်နေလဲ’
‘ကျွန်တော် ရန်ကုန်မှာ ပြန်ရောက်နေပြီ ဆရာ’

‘ကျွန်တော်တို့ဆီမှာ ခင်ဗျားရေးခဲ့တဲ့ ဆောင်းပါး တစ်ပုဒ်ကို ဆရာမ ဒေါ်ဒေဝီသန့်စင်က သူ့ရဲ့စာအုပ်ထဲမှာ ထည့်ချင်လို့ဆိုပြီး ကျွန်တော့်ကို ပြောတယ်။ ကျွန်တော်လည်း ခင်ဗျား ဘယ်ရောက်နေမှန်းမသိတော့ သုံးချင်ရင် သုံးလေဆိုပြီး ပြောလိုက်တယ်။ စာအုပ်လည်း ထွက်ခဲ့တာ သုံးနှစ်လောက်ရှိသွားပြီ၊’

‘ရပါတယ် ဆရာ၊ ဖြစ်နိုင်ရင်တော့ အဲဒီစာအုပ်လေး ကျွန်တော် လိုချင်တယ်’

‘ကျွန်တော့်ဆီမှာတော့ မရှိဘူး၊ ဒေါ်ဒေဝီသန့်စင်ဆီမှာ ရှိလိမ့်မယ်၊ သူ့ရဲ့ ဖုန်းနံပါတ်ပေးလိုက်မယ်၊ ဖုန်းဆက်ကြည့်ပေါ့။’

ကျွန်တော်လည်း ဆရာမဒေါ်ဒေဝီသန့်စင်ရဲ့ ဖုန်း နံပါတ်ကိုယူပြီး ဖုန်းဆက်တယ်။ ဆရာမက သူ့အိမ်မှာ စာအုပ်လာယူဖို့ပြောလို့ ဆရာမရဲ့အိမ်ကို ရောက်သွားတယ်။ ဆရာမ ဒေါ်ဒေဝီသန့်စင်က ကျွန်တော့်ကို ဒီ့ပြင် ဂျာနယ်၊ စာစောင်တွေ မှာရေးနေတာကို တွေ့မိကြောင်း၊ ဆရာမောင်ဝံသကို ကျွန်တော် စာပြန်ရေးနေတာကိုတွေ့တယ်လို့ ပြောမိကြောင်း ပြောပါတယ်။ အမှန်တကယ်တော့ အတွေးအမြင်မှာ ကျွန် တော် မရေးဖြစ်ပေမယ့်လည်း ဒီ့ပြင် မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ ကြိုးကြားကြိုးကြား ကျွန်တော့်ရဲ့ စာမူတွေ ပါနေတာဖြစ်တယ်။

ဆရာမ ဒေါ်ဒေဝီသန့်စင်ဆီက ကျွန်တော်အတွေး အမြင်မှာရေးခဲ့တဲ့ ‘ကမ္ဘာမြေကြီးရဲ့ ကျန်းမာရေး’ဆောင်းပါးပါတဲ့ ‘စစ်ငြိမ်း သံသရာ’စာအုပ်ကို လက်ဆောင်ရခဲ့တယ်။ လွန်ခဲ့ တဲ့ သုံးနှစ်က သုံးခဲ့တဲ့ စာမူအတွက်လည်း စာမူခ အတင်းပေးလို့ ယူခဲ့ရတယ်။

ဆရာမ ဒေါ်ဒေဝီသန့်စင် ဦးစီးထုတ်ဝေတဲ့ ‘အောင်ပင်လယ် သဘာဝပတ်ဝန်းကျင်’မဂ္ဂဇင်းမှာ ဆောင်းပါးရေးဖြစ်သလို အတွေးအမြင်မှာလည်း တစ်ပုဒ်စ၊ နှစ်ပုဒ်စ ရေးဖြစ်ပါ သေးတယ်။ နောက်တော့ အတွေး အမြင်မှာ မရေးဖြစ်ပြန်ဘူး။ မှန်တာကို ဝန်ခံရရင် အတွေးအမြင်မှာရေးဖို့အတွက် အတော် ကလေး အားစိုက်ကြိုးပမ်းရလို့ မရေးဖြစ်တာလည်း ပါပါတယ်။ ဆရာ မောင်ဝံသ ဦးစီးထုတ်ဝေတဲ့ ‘ပြည်သူ့ခေတ်’ ဂျာနယ်မှာ လည်း တစ်ပုဒ်စ၊ နှစ်ပုဒ်စ ရေးဖြစ်တယ်။

အိုင်တီခေတ်ရောက်တော့ ဟိုတုန်းကလို တစ်တိုက်ဝင်၊ တစ်တိုက်ထွက်နဲ့ စာမူလိုက်ပို့တဲ့ အလုပ်ကို မလုပ်ဖြစ်တော့ဘူး။ စာမူကို E-mail နဲ့ဖြစ်စေ၊ Viber နဲ့ဖြစ်စေ ပို့လို့ ရနေပြီလေ။ ရန်ကုန်မြို့ထဲကိုလည်း အရင်ကလို ကြမ်းပိုးထိုးသလိုလျှောက် သွားတာမျိုးလည်း မလုပ်ဖြစ်တော့ဘူး။ မိသားစုနဲ့ဖြစ်ခဲ့တာ၊ အလုပ်တာဝန်ရှိနေတာတွေနဲ့ ရှုပ်ထွေးလာပြီလေ။ စာရေး စာဖတ်ဖို့ကိုတောင် မနည်းကြိုးစားပြီး အချိန်ယူရပါတော့တယ်။

အတွေးအမြင်မှာ မရေးဖြစ်ပေမယ့်လည်း ဆရာ မောင်ဝံသရေးတဲ့ စာတွေ၊ စာအုပ်တွေကိုတော့ ဖတ်ဖြစ်တယ်။အတွေးအမြင်ကိုလည်း ကြုံရင်ကြုံသလို ဖတ်ပါတယ်။ အဲဒီလိုနဲ့ ပဲ ဆရာမောင်ဝံသ ကွယ်လွန်အနိစ္စရောက်တဲ့သတင်းကို ကြားရတယ်။ ဆရာ့ အသုဘကို မရောက်ရောက်အောင်သွား ပြီး ဆရာ့ရဲ့နောက်ဆုံးခရီးကို လိုက်ပို့ဖြစ်တယ်။ ဆရာ မောင်ဝံသနဲ့ တွေ့ခဲ့၊ ကြုံခဲ့တဲ့အကြောင်းကို မဂ္ဂဇင်းတစ်အုပ်မှာ ဆောင်းပါးရေးခဲ့တယ်။ ယခုတော့ အန်တီဒေါ်မြင့်မြင့် ကွယ်လွန်အနိစ္စရောက်တဲ့သတင်းကို ကြားသိရပြန်ပါပြီ။ ဒါပေမဲ့ အန်တီ့ရဲ့နောက်ဆုံးခရီးကိုတော့ ကျွန်တော် မပို့ဖြစ်တော့ဘူး။

ဆရာရော အန်တီပါ ကောင်းရာသုဂတိရောက်ပါစေ လို့ ဆုတောင်းလိုက်မိပါတယ်။

ရေးသူ – သူရထိုက်