မဲဆန္ဒရှင်တွေရဲ့ မျှော်လင့်ချက် အမှန်တကယ် ဖြစ်လာပါစေ

‘ကြည့်လိုက်ကြပါဗျာ။ ဘယ်သူ အသိအမှတ် ပြုပြု၊ မပြုပြု သူတို့ပခုံးပေါ်ကျလာတဲ့ တာဝန်တွေကို သူတို့ကျေပွန်အောင် လုပ်နေကြတယ်။ အားရစရာကောင်းလိုက်တာ။ နိုင်ငံရေးမှာ ပြည်သူလူထုပါဝင်မှုဆိုတာ အဲဒါပါပဲဗျာ’။

ဒီစကားကို ပြောခဲ့သူက ရုပ်ရှင်မင်းသား ကြီး ဦးထွန်းဝေ ၁၉၈၈ ခုနှစ် ဩဂုတ် ၂၁ ရက် နေ့လယ်မှာ ရန်ကုန်မြို့ ကြည့်မြင်တိုင် ဗိုလ်သူရလမ်းက လက်ဖက်ရည်ဆိုင် အပေါ်ထပ် ထပ်ခိုးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးလောကနှင့် ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ တက်ကြွစွာ ပါဝင်နေကြသူတချို့ လျှို့ဝှက်တွေ့ဆုံပွဲကို ကျင်းပခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ခေါ်ချက်အရ ကျွန်တော်လည်း တက်ရောက်ခဲ့ပါတယ်။ အဲဒီ လျှို့ဝှက်ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူလူထုတွေ့ဆုံပွဲကို ကျင်းပဖို့ အတည်ပြုခဲ့ပါတယ်။ တွေ့ဆုံပွဲလုပ်မယ့် နေရာကတော့ သိမ်ဖြူကွင်းဖြစ်ပါတယ်။

ဩဂုတ် ၂၃ ရက် မနက်မှာ သခင်တင်မြ၊ ဦးထွန်းတင်(ရှေ့နေ)၊ ဒုတိယဗိုလ်မှူးကြီးတင်ထွန်း (အငြိမ်းစား)၊ ဦးစိုးလှိုင်၊ ဦးလှတင်တို့ သွားရောက် ကြည့်ရှုခဲ့ရာ မိုးတွင်းကာလဖြစ်တာကြောင့် ရွှံ့ဗွက်တွေဖြစ်နေတာ တွေ့ရပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို ပြန်လာပြီး တခြားသင့်တော်တဲ့နေရာကို ရွေးချယ်ခဲ့ကြရာ ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်ကို ရွေးချယ်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူလူထု တွေ့ဆုံပွဲကို ၁၉၈၈ ခုနှစ် ဩဂုတ် ၂၆ ရက် မနက်ပိုင်းမှာကျင်းပဖို့ သတ်မှတ်ခဲ့ကြပါတယ်။ လူထုတွေ့ဆုံပွဲမတိုင်ခင် ဩဂုတ် ၂၅ ရက် ညနေ ၄ နာရီလောက်မှာ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေ၊ သခင်တင်မြ၊ ဦးထွန်းတင်(ရှေ့နေ)နဲ့ ကျွန်တော်တို့သည် လူထုတွေ့ဆုံပွဲကျင်းပမယ့် ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်ရဲ့ ပြင်ဆင်ထားမှု အခြေအနေတွေကို သွားရောက် ကြည့်ရှုခဲ့ကြပါတယ်။

ဦးဝိစာရလမ်း ရွှေတိဂုံစေတီအနောက် ဘက်မုခ်သွားရာ လမ်းတစ်လျှောက်မှာ လုံချည် အစိမ်း၊ အင်္ကျီအဖြူဝတ်ထားတဲ့ ကျောင်းသား၊ ကျောင်းသူလေး တွေ လုံခြုံရေးအတွက် ကြိုတင် နေရာယူထားတာ တွေ့ရတော့ ရုပ်ရှင်မင်းသား ကြီး ဦးထွန်းဝေက အထက်ပါစကားကို ကျွန်တော်တို့သုံးယောက်အား ပြောခဲ့ခြင်းဖြစ်ပါတယ်။ သူတို့ရဲ့ မျှော်လင့်ချက်သည် အန္တရာယ်ကင်းကင်းနဲ့ အောင်မြင်စွာ ကျင်းပနိုင်ဖို့ပဲ ဖြစ်ပါတယ်။ နိုင်ငံရေးမှာ ပြည်သူလူထု ပါဝင်ဆောင်ရွက်မှုသည် လွန်စွာအရေးကြီးပါတယ်။ ပြည်သူလူထု မပါဘဲနဲ့ နိုင်ငံရေး အချိုးအကွေ့တစ်ခုကို မဆောင်ရွက်နိုင်ပါဘူး။

နယ်ချဲ့အင်္ဂလိပ်ကို ၁၉၄၂ ခုနှစ်လောက်တွင် မြန်မာနိုင်ငံမှာ မောင်းထုတ်ခဲ့ခြင်းသည် ဗမာ့ လွတ်လပ်ရေးတပ်မတော် (BIA) ရဲ့ တိုက်ခိုက်မှုထက် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် ဖြစ်ပါတယ်။ ထို့အတူ ၁၉၄၅ ခုနှစ်တွင် ဖက်ဆစ်ဂျပန်တွေကို မြန်မာ့မြေပေါ်က မောင်းထုတ်နိုင်ခဲ့ခြင်းသည် ဖဆပလအဖွဲ့ချုပ်ကြီးရဲ့ စွမ်းဆောင်မှုထက် ပြည်သူလူထုပူးပေါင်းပါဝင်မှုကြောင့် ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲတွင် ဖဆပလအဖွဲ့ချုပ် တောင်ပြို ကမ်းပြို အနိုင်ရမှုသည် ပြည်သူလူထုရဲ့ တစ်ခဲနက် ထောက်ခံအားပေးမှုကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ပြည်သူလူထုရဲ့ ယုံကြည်မှုကို ရခဲ့တာကြောင့် ဖြစ်ပါတယ်။ တစ်နှစ်အတွင်း လွတ်လပ်ရေးရရမယ်ဆိုတဲ့ အမျိုးသားခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခိုင်မာတဲ့ စကားကို တစ်သဝေမတိမ်း ယုံကြည်ခဲ့ကြလို့ ဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းဆိုတာကို ပြည်သူလူထုက ယုံကြည်တာနဲ့ အဲဒီခေါင်းဆောင် နောက်ကိုလိုက်ဖို့ ပြည်သူလူထုက ဝန်လေးနေမှာ မဟုတ်ပါဘူး။ ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲတွင် ဖဆပလအဖွဲ့ချုပ် တောင်ပြိုကမ်းပြို အနိုင်ရခြင်းသည် ခေါင်းဆောင်ကောင်းနှင့် ပြည်သူလူထုရဲ့ ဟန်ချက်ညီညီ လှုပ်ရှားမှုကြောင့် ဖြစ်ပါတယ်။

ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ အမတ်တွေထဲမှာ တိုင်းရင်းသားဒေသက အမတ်တွေ အများအပြား ပါဝင်ပါတယ်။ သထုံခရိုင်မှာ မွန်ထွန်းရင်၊ စစ်တွေခရိုင်မှာ ဗိုလ်ညိုထွန်း၊ ဦးအောင်ဇံဝေ၊ ဦးထွန်းဝင်း၊ ဦးစံထွန်းအောင်၊ ဦးရွှေစောဦး၊ ကျောက်ဖြူခရိုင်မှာ ဦးသာထွန်း၊ ဗိုလ်ဘစော၊ ဦးရွှေနီ၊ ဦးအောင်မြ၊ ဗိုလ်ဘလှိုင် အစရှိသူတို့ ပါဝင်ကြသလို ကရင်အမျိုးသား အမတ်ပေါင်း ၂၄ ဦး ပါဝင်ခဲ့ပါတယ်။ နယ်စပ် ဒေသ(ရှမ်းအမတ်)တွေအနေ နဲ့ ၂၃ ဦး၊ နယ်စပ် ဒေသ(ကချင်အမတ်)တွေအနေနဲ့ ခုနစ်ဦး၊ နယ်စပ်ဒေသ(ချင်းအမတ်)တွေအနေနဲ့ ခုနစ်ဦး၊ ကရင်နီအမတ်နှစ်ဦး၊ နယ်ခြားဒေသဆိုင်ရာ အခြားအမတ်တွေအနေနဲ့ ခြောက်ဦးတို့ ပါဝင်ခဲ့ ကြပါတယ်။ ဒီတိုင်းရင်းသားဒေသက အမတ် တွေအနေနဲ့ ပင်လုံစာချုပ်ပါ ကတိကဝတ်တွေကို ဖော်ဆောင်ပြီး တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကိုဖြစ်စေမယ့် ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကို တည်ထောင်ဖို့အတွက် ပါဝင် ဆောင်ရွက်ကြမယ့် အမတ်တွေဖြစ်ကြပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးမှုနဲ့အတူ အိပ်မက်တွေ ပျက်ပြယ်သွားခဲ့ရပါတယ်။

လွတ်လပ်ရေးနဲ့အတူ ပေါ်ထွက်လာတဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေအပေါ် မျှော်လင့်ခဲ့ကြပေမယ့် လက်တွေ့မှာ ဖြစ်မလာခဲ့ကြပါဘူး။ တန်းတူရေးခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တည်ဆောက်ဖို့ နိုင်ငံရေးတံခါးချပ်တွေ ပိတ်သွားတဲ့အခါ လက်နက်ကိုင်တော်လှန်ရေး တံခါးချပ်တွေ တစ်ချပ်ပြီး တစ်ချပ် ပွင့်လာပါတော့တယ်။ အလေးထားပြီး ဆွေးနွေးညှိနှိုင်းခဲ့ကြမယ်ဆိုရင် ဒီလိုအခြေအနေအထိ ရောက်လာမှာ မဟုတ်ပါ ဘူး။ လွတ်လပ်ရေးရတဲ့အခါ လွတ်လပ်ရေးနဲ့ အတူ ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြု လွှတ်တော်က အမတ်တွေလည်း ဆက်လက်တည်ရှိခဲ့ကြပါ တယ်။ အထက်ကဖော်ပြခဲ့တဲ့ ရွေးကောက်ခံ တိုင်းရင်းသားအမတ်တွေအပြင် သက်ဆိုင်ရာ တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့အမတ်တွေ ထဲမှာ ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံရေး အခြေအနေကို တွေ့ဆုံညှိနှိုင်း အဖြေရှာနိုင်မယ့် တိုင်းရင်းသားအမတ်တွေ များစွာ ပါဝင်နေတာ တွေ့ရပါတယ်။

“မိမိတို့ရဲ့ ရင်သွေးငယ်ကို ထွေးပွေ့ပြီး ကိုဗစ်(၁၉)အန္တရာယ်ကို ဂရုမစိုက်ဘဲ ကိုယ်တိုင်ကိုယ်ကျ မဲလာရောက်ပေးတဲ့ မိခင်တွေကိုလည်း လေးစားဂုဏ်ယူဖွယ်ရာ တွေ့လိုက်ရပါတယ်။ သက်ကြီးရွယ်အိုတွေ၊ သားသည်မိခင်တွေ လာရောက်မဲပေးခြင်းသည် သူတို့အတွက် မဟုတ်ပါဘူး။ အနာဂတ်ကောင်းဖို့အတွက် ဖြစ်ပါတယ်။”

ကရင်အမျိုးသား အမတ်တွေထဲမှာ မန်းဝင်းမောင်၊ စောအောင်ပ၊ ဦးပေါလူ၊ မန်းကံ အေး၊ မန်းထွန်းရုံ၊ စောစံ ဘိုးသင်တို့ ပါဝင်နေကြ သလို ရှမ်းအမတ်တွေထဲမှာလည်း ကျိုင်းတုံစော်ဘွားကြီး၊ ညောင်ရွှေစော်ဘွားကြီး၊ တောင်ပိုင်း စော်ဘွားကြီး၊ မိုးမိတ်စော်ဘွားကြီး၊ သာမိုင်းခမ်း စော်ဘွားကြီး၊ ဦးထွန်းမြင့်၊ ဦးထွန်းအေး၊ ဦးဘဇံ အစရှိသူတို့လည်း ပါဝင်နေပါတယ်။ ကချင်အမတ်တွေထဲမှာဆိုရင် ဆမားဒူဝါးဆင်ဝါးနောင်၊ လဘန်ဂရောင်၊ မရစ်အောင်ဘ၊ ဒူဝါးဇော်လွမ်း၊ ဝါဘော်ဇော်ရစ် အစရှိသူတို့ ပါဝင်နေကြ သလို ချင်းအမတ်တွေထဲမှာလည်း ဦးဝမ်ကိုဟော၊ ကပ္ပတိန်မန်တုံးနှုန်း၊ ဦးထပ်လှိုင်း၊ ဦးဝမ်သူး မောင်တို့ ပါဝင်နေပါတယ်။

ဘယ်လောက်ပဲ လူတော်ပဲပါပါ၊ တွေ့ဆုံ ဆွေးနွေးလိုတဲ့ဆန္ဒ ဘယ်လောက်ပဲရှိရှိ တိုင်းပြည် အုပ်ချုပ် မင်းလုပ်သူတွေရဲ့ သဘောဆန္ဒကသာ အဓိက ဖြစ်နေပါတယ်။ ၁၉၄၇ ခုနှစ် တိုင်းပြု ပြည်ပြုလွှတ်တော်ကို ရွေးကောက်တင်မြှောက်ခဲ့တဲ့ တိုင်းရင်းသားလူမျိုးတွေနဲ့ တိုင်းရင်းသားအမတ်တွေရဲ့ မျှော်လင့်ချက် ပျောက်ဆုံးသွားခဲ့ရပါတယ်။

လွတ်လပ်ရေးရပြီးတဲ့အခါ ၁၉၅၁ ခုနှစ် ဇွန် ၁၂ ရက်မှာ ပထမအကြိမ် ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေကလည်း အားတက်သရော ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ကြပါတယ်။ မိမိတို့ရဲ့ မူဝါဒလမ်းစဉ် သဘောထား ခံယူချက်တွေကို ပြည်သူလူထု သိအောင် စာရွက်စာတမ်းများ ဖြန့်ချိခြင်း၊ မဲဆွယ်ပွဲများ ပြုလုပ်ခြင်းဖြင့် ဆောင်ရွက်ခဲ့ကြပါတယ်။ တစ်သီးပုဂ္ဂလအနေနဲ့လည်း ဝင်ရောက်အရွေးခံမှုတွေ ရှိခဲ့ကြပါတယ်။ မဲဆန္ဒရှင်ပြည်သူလူထုအများစုရဲ့ ရည်ရွယ်ချက်ကတော့ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ တန်းတူရေးတို့ ဖြစ်ကြပါတယ်။ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရား ဥပဒေ စိုးမိုးရေးကို အဓိက ဘာကြောင့်ထားရသလဲဆိုတော့ ပြည်တွင်းစစ်ကြီးက တောက် လောင်နေဆဲဖြစ်ပါတယ်။ တစ်ဖက်က သူပုန် ကြောက်ရသလို တစ်ဖက်ကလည်း အာဏာရ ပါတီရဲ့ အစွယ်အပွားတွေကို ကြောက်နေရပါတယ်။ ဒီမိုကရေစီဆိတ်သုဉ်းမှုတွေကို တွေ့နေ ရပါတယ်။ တိုင်းရင်းသားဒေသတွေမှာ တန်းတူ ရေး ပျောက်ဆုံးနေပါတယ်။ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်ပေမယ့် အာဏာရ ဖဆပလအဖွဲ့ချုပ်သည်ပင်လျှင် အခြေအနေ အရပ်ရပ်ကို ထိန်းသိမ်းဖို့ ခက်ခဲနေပါတယ်။ မဲဆန္ဒရှင်တွေရဲ့ ရည်ရွယ်ချက်ကို ပီပီပြင်ပြင် ဖြည့်ဆည်းပေးခြင်း မရှိနိုင်ခဲ့ပါဘူး။

ဒုတိယအကြိမ် ရွေးကောက်ပွဲကို ၁၉၅၆ ခုနှစ် ဧပြီ ၂၇ ရက်မှာ ကျင်းပခဲ့ပါတယ်။ တရား ဥပဒေစိုးမိုးရေး ဘယ်လောက်အထိ လျော့ကျ နေသလဲဆိုတော့ နေခင်းကြောင်တောင် ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် စစ်ကွင်း တာဆုံအနီးမှာ ပမညတက ရဲဘော်လေးယောက် အသတ်ခံလိုက်ရပါတယ်။ မြန်မာနိုင်ငံ အနှံ့ အပြား အတိုက်အခံတွေ အသတ်ခံရ၊ အဖမ်းခံရ၊ ထွက်ပြေးကြရ ဖြစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေ မဲပေးကြရာမှာ တရားဥပဒေ စိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးကို မျှော်လင့်နေကြသူတွေ အများအပြား ပါဝင်နေပါ တယ်။ အာဏာရအသိုင်းအဝိုင်းရဲ့ရန်ကို ကြောက်လန့်နေကြသူတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့လည်း သူတို့ရဲ့ မျှော်လင့်ချက် အထမမြောက်ခဲ့ကြပါဘူး။ တိုင်းရင်းသားဒေသတွေမှာ လည်း မူရင်းအတိုင်းသာ ရှိနေခဲ့ကြပါတယ်။ အာဏာရ ဖဆပလအဖွဲ့ချုပ်အတွင်းမှာလည်း ညီညွတ်ရေး ပြိုကွဲခဲ့ပါတယ်။ နု-တင်အုပ်စုနဲ့ ဆွေ-ငြိမ်းအုပ်စုဆိုပြီး တိတိလင်းလင်း ကွဲလာပါတယ်။ ကိုယ့်အုပ်စုက အသာရရေးကိုသာ အဓိကထား လုပ်ဆောင်ခဲ့ကြတာကို တွေ့ရပါတယ်။ အာဏာ အတွက်သာ အဓိကထားနေတာမို့ မိမိကို ရွေးကောက်တင်မြှောက်လိုက်တဲ့ မဲဆန္ဒရှင် တိုင်းရင်းသား ပြည်သူလူထုရဲ့ မျှော်လင့်ချက်၊ လိုလားချက်တွေကို မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။

၁၉၆၀ ပြည့်နှစ်မှာ တတိယအကြိမ် ရွေးကောက်ပွဲ ကျင်းပပါတယ်။ သန့်ရှင်းဖဆပလ နဲ့ တည်မြဲဖဆပလတို့ အဓိကယှဉ်ပြိုင်ခဲ့ကြပါ တယ်။ နိုင်ငံရေးအင်အားစုနှစ်ခု ပြိုင်ဆိုင်မှု ပြင်းထန်စွာ ယှဉ်ပြိုင်မှုဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးက ဘယ်လောက်အထိ အခြေအနေဆိုးနေ သလဲဆိုရင် မဲဆန္ဒရှင်တို့ရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့ မဆိုထားနှင့်။ ထိုစဉ်က ပုလိပ် လို့ခေါ်တဲ့ တပ်ဖွဲ့ကပင် အာဏာရ သန့်ရှင်း ဖဆပလအစိုးရ (ပထစအစိုးရ)ကို ဂရုမစိုက်ခဲ့ပါ ဘူး။ ၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်း လိုက်ပြီးတဲ့နောက် ရွေးကောက်ပွဲတွေကနေ မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေး မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားပါတယ်။ တစ်ပါတီအာဏာရှင် အစိုးရက ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ လည်း ပြည်သူလူထုက မဲသွားထည့်ရုံပါပဲ။ ဘာမျှော်လင့်ချက်မှ ပေးမထားပါဘူး။

ရှစ်လေးလုံးအရေးတော်ပုံကြီးက ပေါက်ဖွားလာတဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံမှာ ပြည်သူလူထုလိုလားတောင့်တတဲ့ နိုင်ငံရေးစနစ်တစ်ခုကို တည်ဆောက်နိုင်ဖို့ မဲဆန္ဒရှင်တွေက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တောင်ပြိုကမ်းပြို ထောက်ခံအားပေးခဲ့ကြပါတယ်။ ဒါပေမဲ့လည်း စစ်အာဏာရှင်တွေက ပိတ်ပင် တားဆီးမှုကြောင့် မဲဆန္ဒရှင်တွေရဲ့မျှော်လင့်ချက်၊ယုံကြည်ချက်တွေကို အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က အကောင်အထည်ဖော်ခွင့် မရခဲ့ပါဘူး။ အဘက်ဘက်က ဖိနှိပ်ချုပ်ချယ်ခြင်း ဖြင့်သာ တုံ့ပြန်ခဲ့ကြပါတယ်။ ပြည်သူလူထုရဲ့ မဆုတ်မနစ်သော ဇွဲလုံ့လကြောင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းတွေကို ရင်ဆိုင်ရင်း နိုင်ငံတော် ကို ဦးဆောင်နေတဲ့ ငါးနှစ်တာကာလမှာ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို အတတ်နိုင် ဆုံး ဖြည့်ဆည်းပေးခဲ့ကြပါတယ်။ ပြည်တွင်း ငြိမ်းချမ်းမှု တည်ဆောက်ရေး၊ တရားဥပဒေစိုးမိုး ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွေမှာ အခက်အခဲပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မဲဆန္ဒရှင် ပြည်သူလူထုအားလုံးအတွက် ဆောင်ရွက်ရာမှာ အခက်အခဲတွေ၊ အတား အဆီးတွေ၊ အနှောင့်အယှက်တွေကြောင့် နှစ် ပေါင်းများစွာ ယိုယွင်းနေတဲ့ နိုင်ငံတော်ကို ငါးနှစ်တာကာလနဲ့ ပြင်ဆင်တည်ဆောက်ဖို့ မရ နိုင်ကြောင်း ပြည်သူလူထုအများစုက သိရှိလာခဲ့ကြပါတယ်။

ပြည်သူလူထုရဲ့ နိုင်ငံရေး အသိအမြင်သည် မြင့်မားနေပြီ ဖြစ်ပါတယ်။ လူ့အသက်အန္တရာယ်ကို နေ့စဉ်နေ့တိုင်း ခြွေယူနေတဲ့ ကိုဗစ်(၁၉)အန္တရာယ် ဘယ်လောက် ကြီးမားကြောင်း သိနေကြပါတယ်။ မဲရုံသွားမလား၊ ဆေးရုံသွားမလားလို့ မေးမြန်းကြတဲ့အထိ ဖြစ်နေပါတယ်။ ဒါပေမဲ့လည်း ပြည်သူလူထု အများစုသည် ကိုဗစ်အန္တရာယ်ကို မကြောက်မရွံ့ဘဲ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်မှာ သက်ဆိုင်ရာ မဲရုံတွေကို မပျက်မကွက် သွားရောက်မဲပေးခဲ့ကြပါတယ်။ လေ့လာဆန်းစစ်သူတွေရဲ့ ထုတ်ပြန်ချက်အရ မဲပေးနိုင်သူတွေရဲ့ ၈၅ ရာခိုင်နှုန်း လာရောက်မဲပေးကြတယ်လို့ သိရပါတယ်။ အသက်(၆၀) အထက်တွေကို ကြိုတင်မဲပေးခွင့် ပြုထားပေမယ့် ကိုယ့်ရဲ့ မဲတစ်ပြား အလဟဿမဖြစ်ဖို့အတွက် ထမ်းပိုးသယ်ဆောင်ခြင်းနဲ့အတူ မဲလာပေးကြတဲ့ သက်ကြီးရွယ်အိုအများအပြားကို တွေ့မြင်လိုက်ရပါတယ်။

ထို့အတူ မိမိတို့ရဲ့ ရင်သွေးငယ်ကို ထွေးပွေ့ပြီး ကိုဗစ်(၁၉)အန္တရာယ်ကို ဂရုမစိုက်ဘဲ ကိုယ်တိုင်ကိုယ်ကျ မဲလာရောက်ပေးတဲ့ မိခင်တွေကိုလည်း လေးစားဂုဏ်ယူဖွယ်ရာ တွေ့လိုက်ရပါတယ်။ သက်ကြီးရွယ်အိုတွေ၊ သားသည်မိခင်တွေ လာရောက်မဲပေးခြင်းသည် သူတို့အတွက် မဟုတ်ပါဘူး။ အနာဂတ်ကောင်းဖို့အတွက် ဖြစ်ပါတယ်။ အနာဂတ်ကောင်းမွန်ဖို့ မဲပေးရမယ့် တာဝန်ကို ကိုယ်တိုင်ကိုယ်ကျထမ်းဆောင်လိုက်ခြင်း ဖြစ်ပါတယ်။ သူတို့မျှော်မှန်းတဲ့ နိုင်ငံတော်ကို တည်ဆောက်ပေးရမယ့် တာဝန်သည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ သူတို့ကိုယ်စားပြု နိုင်ငံရေးပါတီတွေမှာ တည်ရှိနေပါကြောင်း တင်ပြလိုက်ရပါတယ်။

မှီငြမ်း-
၁။ မြန်မာ့လွတ်လပ်ရေးမော်ကွန်း။
၂။ မြန်မာ့နိုင်ငံရေးသမိုင်း(ပထမတွဲ)။

ရေးသူ – အောင်မြင့်ဦး(မဟာဝိဇ္ဇာ)
ဓာတ်ပုံ – Myat Thu Kyaw / MPA