ကိုဗစ်ကာလနဲ့ သတင်းအချက်အလက်များ ဝန်ပိခြင်း

ယနေ့ခေတ် ၂၁ ရာစုဆိုတာ သတင်းနဲ့နည်းပညာ ခေတ်လို့ တင်စားခေါ်ဆိုရတဲ့ အချိန်ကာလဖြစ်ပါတယ်။ကျွန် တော်တို့နိုင်ငံမှာ မိုဘိုင်းဖုန်းတွေရှားပါးတဲ့ ယခင် ၁၀ နှစ်ကျော်ကတော့ ဖုန်းတစ်ခါပြောဖို့ ကြိုးဖုန်းရှိတဲ့ နေရာကို ရှာရပါတယ်။ လမ်းဘေးမှာ ဖုန်းလေးတစ်လုံးလောက် ချထားတဲ့နေရာကို ရှာပြီး မြို့တွင်းလား၊ နယ်အဝေးလား ပြောချိန်မိနစ်အလိုက် အခပေးဆက်ရတဲ့ လူတွေလည်း မနည်းလှပါ။ အိမ်မှာ ဖုန်းရှိတဲ့လူက အဆင့်အတန်းတစ်ခုရှိတယ်လို့ ဆိုနိုင်တဲ့အချိန်ပါ။

မိုဘိုင်းဖုန်းတွေပေါ်ခါစမှာ အပြင်ဈေးသိန်း ၄၀၊ ၅၀ အထိရှိခဲ့လို့ ဆက်သွယ်ရေးဌာနက ငါးသိန်းနဲ့မဲပေါက်လို့ ဝယ်ခွင့်ရသူဟာ ကံထူးသူဖြစ်ခဲ့ပါတယ်။ နောက်တော့ ဆက်သွယ်ရေးက ၁၆ သိန်းအထိ တင်ရောင်းပေမယ့်ရတဲ့သူ က ပျော်ရဆဲပါ။ ကိုယ့်အိမ်နီးချင်း နိုင်ငံတွေမှာ မိုဘိုင်းဖုန်းတွေဈေးအလွန်ပေါတဲ့အကြောင်း ပြောသံတွေများလာပြီး အတော်ကြာမှ နောက်ပိုင်းမှာ ဈေးတွေတဖြည်းဖြည်းလျှော့ချလိုက်တာ ကျပ် ၁၅၀၀ ဖြစ်ခဲ့ပြီး သည်နေ့ခေတ်မှာတော့ နိုင်ငံခြား ကုမ္ပဏီတွေ လုပ်ကိုင်ခွင့်ပေးရာကစပြီး ကျပ် ၅၀၀ အောက် ရောက်သွားပါတယ်။ တချို့ဖုန်းတွေဆို အလကား နီးပါး လိုက်ဝေနေတာ အံ့ဩစရာပါ။

သမိုင်းကြောင်းပြောမှ ဇာတ်ရည်လည်မှာဖြစ်လို့ ပြန်ပြောတာပါ။ ဖုန်းပြောဆက်သွယ်ရတာက အခု သိပ်အရေးမကြီးတော့သလိုဖြစ်ပြီး လူမှုကွန်ရက်သတင်းတွေ ကြည့်၊ တချို့က ကိုယ်တိုင်သတင်းတွေဖန်တီး၊ အများစုက ကိုယ်သိတာလေးတွေ ဝေငှ(ရှယ်)တာတွေက ပိုအရေးပါလာတဲ့ခေတ်ကို ရောက်လာပါတယ်။ သည်လိုခေတ်မီလာတာကို မကြိုက်ပါဘူးလို့ ဆိုတဲ့သူကို လူထူးလူဆန်းဆိုပြီး ဝိုင်းကြည့်ခံရမယ့်အချိန်လို့ ပြောရမလိုဖြစ်နေတဲ့အခါပါ။

သည်လိုခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်နိုင်တဲ့ ခေတ်မှာ ကျွန်တော်တို့ဆီကလူတချို့က ကိုယ့်စိတ်ကို မထိန်းသိမ်းကြဘဲ ဖုန်းထဲကနေ ရိုင်းစိုင်းစွာဆဲဆိုဝေဖန်တာတွေ လုပ်လာကြတာ တွေ့လာရပါတယ်။ လူကောင်းနဲ့လူဆိုးဆိုတာတော့ ခေတ်တိုင်းမှာရှိမှာပါ။ ဒါပေမဲ့ ဥပဒေစည်းမျဉ်းတွေကို ချိုးဖောက်သူများကို တရားဥပဒေအတိုင်း ထိုက်သင့်သလို အရေးယူဖို့လိုပါတယ်။ တချို့ကို အရေးယူပေမယ့် တချို့ကိုမသိသလို ဖြစ်နေတဲ့အတွက် ဆက်သွယ်ရေးကိရိယာများရဲ့အသုံးပြုမှုများကို ထိရောက်စွာ ဆန်းစစ်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။

ဆက်သွယ်ရေးတိုးတက်ကောင်းမွန်လာရင် စီးပွားရေး၊ လူမှုရေးတွေလည်း လိုက်ပါတိုးတက်လာမယ်ဆိုတာ သီအိုရီ အဆိုတစ်ခုဖြစ်သော်လည်း ‘ဘေးထွက်ဆိုးကျိုး’အဖြစ် အနှောင့်အယှက်တွေ၊ ရာဇဝတ်မှုတွေလည်း တစ်ပါတည်း လိုက်ပါလာတာကတော့ လက်တွေ့ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးလေးနှစ်ကစလို့ လူမှုရေးဖောက်ပြန်မှုများ၊ ငွေရေးကြေးရေး လိမ်လည်မှုများ၊ ရာဇဝတ်မှုကြီးတွေ ဖုန်းထဲက လူမှုကွန်ရက်ကို အသုံးပြုပြီး ထူးဆန်းစွာ ပေါ်ပေါက်လာတာကို တွေ့ခဲ့တာ သတိရဦးမှာ ဖြစ်ပါတယ်။ ကောင်းတာတွေ လုပ်နိုင်တာ အများကြီးရှိသော်လည်း မကောင်းတာတွေကလည်း အထင်အရှားဖြစ်ခဲ့ပါတယ်။ လူ့စိတ်ဆိုတာ ဆိတ်ကွယ်ရာအရပ်မှာ၊ မကောင်းမှုတွေမှာ ပျော်မွေ့တတ်တယ်ဆိုတဲ့ တရားသဘော အတိုင်း ဖြစ်ပါတယ်။

ဒါတွေကို ယဉ်ကျေးစွာနဲ့ ‘အမုန်းစကား’မပြောကြဖို့ နိုင်ငံတော်ကပင် နှိုးဆော်သတိပေးခဲ့ရပါတယ်။ မီဒီယာတွေမှာ ဖိုးဝရုပ်ကလေးနဲ့ကြေညာခဲ့တာကို ပြန်လည်မြင်ယောင်နိုင်မယ်လို့ ထင်ပါတယ်။ အမုန်းစကား မပြောကြဖို့ လှုံ့ဆော်မှုများ အတော်ကြာခဲ့ပြီးတဲ့နောက် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်(၁၉)ဟာ မြန်မာနိုင်ငံအတွင်းကို ဝင်ရောက်လာပါတယ်။ ကိုဗစ်ကို ထိန်းချုပ်ကာကွယ်ဖို့ အိမ်ထဲမှာနေကြဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်တွေ ထုတ်ခဲ့ရပါတယ်။ အလုပ်တွေ၊ ကျောင်းတွေ ပိတ်ထားတာကြောင့် အိမ်ထဲမှာမိသားစုတွေ မကြုံစဖူး အတူတကွ အချိန်အကြာကြီး နေရတဲ့အတွက် စိတ်တွေကျဉ်းကျပ်ပြီး တစ်ယောက်ကို တစ်ယောက် အမြင်မကြည်လင်တာတွေဖြစ်လာကာ အကြမ်းဖက်မှုတွေအဖြစ် ပြောင်းလဲသွားတဲ့အထိ ဖြစ်ခဲ့ပါတယ်။

သင်္ကြန်ရက်တွေမှာတောင် အပြင်မထွက်ရတော့ အိမ်ထောင်ရှင်တွေ၊ သားသမီးတွေ အချင်းများရာကနေ အကြမ်းဖက်မှုတွေ အနည်းနဲ့အများ ဖြစ်လာတဲ့အတွက် နိုင်ငံတော်သတင်းမီဒီယာများကနေ ‘အိမ်တွင်းအကြမ်းဖက်မှု’တွေမလုပ်ကြဖို့၊ ဖြစ်လာခဲ့ရင် အရေးပေါ်အကူအညီ တောင်း ကြဖို့ ဖုန်းနံပါတ်တွေဖော်ပြခဲ့ရ ပြန်ပါတယ်။ ပုံမှန်လှုပ်ရှားနေတဲ့ ဘ၀တွေဟာ ရပ်တန့်မှုအချိန်ကြာလာတော့ သတိလက်လွတ် ဖြစ်တဲ့သဘောပါ။ ဘယ်သူမှ ထင်မထားတဲ့ အခြေအနေတွေ ဖြစ်လာတာမို့ သတိတွေ အထပ်ထပ်ပေးခဲ့ရပါတယ်။

အိမ်တွင်းမှာ တစ်ယောက်နဲ့ တစ်ယောက်မျက်နှာချင်း မဆိုင်ဖြစ်အောင် ကိုယ်လုပ်စရာရှိတာ လုပ်နေကြတာ အကောင်းဆုံးလို့ထင်လာပါတယ်။ အလုပ်မရှိတဲ့ အချိန်ပိုတွေမှာ အပြင်လည်းမထွက်ရတဲ့အတွက် အင်တာနက်လူမှုကွန်ရက် က အကောင်းဆုံးအဖော်ဖြစ်လာပြန်ပါတယ်။ သတင်းတင် တဲ့လူတွေကလည်း အချိန်ပြည့်ကို တင်နေတဲ့အတွက် စိတ်ဝင်စားစရာ ကောင်းနေပြန်ပါတယ်။ မိနစ်တွေ၊ နာရီတွေကုန်လို့ ကုန်မှန်းမသိအောင် ဖုန်းမျက်နှာပြင်နဲ့ မခွာနိုင်အောင် ဖြစ်လာပါတယ်။

ထိတ်လန့်ဖွယ် ကိုဗစ်ရောဂါအကြောင်းတွေ သိရသလို ပါတီစုံရွေးချယ်တင်မြှောက်ပွဲအတွက် နာမည်ကျော် ပါတီကြီးတွေရဲ့ မဲဆွယ်ခြင်း၊ ထောက်ခံပွဲကျင်းပခြင်း၊ ပဋိပက္ခဖြစ်ခြင်းတွေနဲ့အတူ မခံချင်အောင် ပြောတဲ့အမုန်း စကားတွေလည်း နေရာ ယူလာပါတယ်။ ကပ်ရောဂါနဲ့ ရွေးကောက်ပွဲတိုက်ဆိုင်နေပြီး နှစ်ခုစလုံးက အရေးကြီးတာတွေချည်း ဖြစ်နေပြန်ပါတယ်။ အခြားသော ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကလည်း အများကြီးမို့ အင်တာနက်ကျွမ်းကျင်မှုကို မူတည်ပြီး ကြည့်လို့မကုန်နိုင်အောင် သတင်းအချက်အလက်တွေက များလှပါတယ်။

မကြာသေးခင်အချိန်က နိုင်ငံတော်ရဲ့တာဝန်ရှိသူများ အနေနဲ့ နောက်ထပ်သတိပေးချက်တစ်ခု ထပ်မံ ထုတ်ပြန်ရပြန် ပါတယ်။ ကိုဗစ်ကာလ အိမ်ထဲမှာနေချိန် များလှတဲ့အတွက် လူမှုကွန်ရက်မှာ ‘သတင်းအချက်အလက် ဝန်ပိခြင်း’ ဆိုတဲ့ အခြေအနေသစ်တစ်ခုရဲ့ စိန်ခေါ်မှုတစ်ခုက မလွှဲမရှောင်သာ ထပ်မံရင်ဆိုင်လာရခြင်းဖြစ်ပါတယ်။ ခေတ်စားတဲ့ စကားတစ်လုံးရှိပါတယ်။ ‘မယုံမရှိနဲ့ ကိုယ်တွေ့’ ဆိုသလိုပါပဲ။ ကိုယ့် စိတ်ကို အချိန်မီ သတိထား ထိန်းသိမ်းနိုင်မှသာ ကျန်းမာရေး၊ လူမှုရေး စတာတွေကို မထိခိုက်မှာဖြစ်တဲ့အတွက် အရေးကြီး လာပါတယ်။ ဖုန်းမှန်သားပြင်ကြည့်လို့ မ၀ခင်မှာပဲ တယ်လီ ဗေးရှင်းက မြန်မာ့ရုပ်ရှင်ရာပြည့်၊ ရန်ကုန်တက္ကသိုလ်ရာပြည့် အထူးအစီအစဉ်တွေကလည်း ကောင်းမှကောင်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ‘အချိန်ကို စီမံခန့်ခွဲခြင်း’ဆိုတဲ့ ပညာရပ်တစ်ခုက လိုအပ်လာပါတော့တယ်။ ဆိုလိုတာက ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အကျိုးရှိအောင်၊ သုံးနိုင်အောင် သတိထားဖို့ ဖြစ်ပါတယ်။

သာမန်သဘောမျိုးထားပြီး စိတ်အလိုလိုက်ပြီး လူမှုကွန်ရက်သတင်းနဲ့ နည်းပညာအသစ်တွေနောက်ကို အကန့်အသက်မရှိ လိုက်သွားမယ်ဆိုရင် ဘာဖြစ်မှာလဲဆိုတော့ ‘သတင်းအချက်အလက်ဝန်ပိခြင်း’ဆိုတာ ဖြစ်လာနိုင်ပါတယ်။ ကိုဗစ်ကာလအိမ်မှာပဲနေရခြင်းက အဓိက အကြောင်းရင်း ဖြစ်သော်လည်း မကြုံစဖူးကြုံရတဲ့ ‘ပုံမှန် အသစ်’ဆိုတဲ့ လူနေမှု ပုံစံမှာ သည်လိုသတင်းအချက်အလက် ဝန်မပိအောင် ပြန်လည်ကြိုးစားပြုပြင်ကြရမှာ ဖြစ်ပါတယ်။

သတင်းအဆိပ်သင့်ခြင်း၊ သတင်းနင်ခြင်း၊ သတင်းကြောင့ျစိတ်ပူပန်ခြင်းစတာတွေက ဆက်တိုက်ခံစားလာရမှာ သေချာပါတယ်။ ဒီဆိုးကျိုးများကို ရှောင်ရှားရမှာ ကျွန်တော် တို့ရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ကိုယ်နဲ့သက်ဆိုင်တဲ့ သတင်းကိုသာ ရွေးချယ်ဖတ်ရှုသင့်ပါတယ်။ သတင်းကြည့်သည့်အချိန်ကို အကန့်အသတ်ထား ကြည့်ရှုခြင်း၊ အနားယူခြင်းတို့ကို သတ်မှတ်ထားပါ။ အသိဉာဏ်ဖြင့် သင့်၊ မသင့် ချိန်ဆရွေးချယ် ခြင်းများပြုလုပ်ပါ။ ပညာရှင်များက သုတေသနပြုလုပ် တင်ပြထားခြင်းဖြစ်လို့ အလေးထားလိုက်နာဖို့ လိုပါတယ်။

ယနေ့ခေတ်မှာ မီဒီယာနှင့် သတင်းအချက်အလက် ဆိုင်ရာ သိနားလည်မှု(Media and Information Literacy-MIL) ပညာရပ်ရှုထောင့်မှ ကြည့်လျှင် သတင်းမှား (Misinformation)၊ လုပ်ကြံသတင်း (Disinformation)၊ မသမာသောသတင်း ဖြန့်ဝေမှု(Malinformation)စတဲ့သတင်းအမျိုးမျိုးကို တွေ့လာရပါတယ်။ ထို့ပြင် သတင်း ဖရိုဖရဲဖြစ်ခြင်းကို အသေးစိတ်ကြည့်ပါက သရော်စာ၊ ဟာသ စာပြောင်၊ ကလစ်များသော ခေါင်းစီး၊ နားလည်မှုလွဲအောင် တမင်ရေးထားသောစာ၊ ရှေ့နောက်အဆက်အစပ်မရှိ ရေးထား သောစာ၊ ပြုပြင်စီမံခြယ်လှယ်ထားသောသတင်း၊ မဟုတ်သည်ကို ဟုတ်သယောင် ဖန်တီးထားသော စသည်ဖြင့် ခုနစ်မျိုးအထိ ခွဲခြားပြထားတာကို တွေ့ရှိရပါတယ်။

နောက်ဆုံးသတိပေးထားချက်ကတော့ ကလစ်ကို မနှိပ်မီ သင့်၊ မသင့် စဉ်းစားပြီးမှ ကြိုက်တယ်လို့ နှိပ်ပါ။ မျှဝေပါ။ ဝေဖန်အကြံပြုပါ။ ရုတ်တရက် မှန်တယ်ထင်သော်လည်း အခြားတစ်ဖက်မှ ပြန်ကြည့်ပြီးနောက် အဓိပ္ပာယ် တစ်မျိုးဖြစ်နိုင် ပါက ကလစ်မနှိပ်ဘဲ လျစ်လျူရှုနိုင်ဖို့ ကြိုးစားဖို့လိုကြောင်း အကြံပြုလိုပါတယ်။ မတော်တဆ ထောင်ချောက်ဆင်ထားတဲ့ အထဲ ဝင်သွားမိရင် မှတ်တမ်းဝင်သွားပြီး ဥပဒေနှင့် ငြိစွန်းပါက အရေးယူခြင်း ခံရနိုင်တယ်ဆိုတာကို သတိထားဖို့ လိုအပ်ပါ တယ်။ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ ဒီသတင်းအချက်အလက် ဥပဒေအရ အရေးယူခြင်းများရှိခဲ့တာကို မေ့မထားဖို့ လိုပါတယ်။ တစ်နည်းဆိုရရင် မလိုအပ်ဘဲ စွန့်စားခြင်း မပြုလုပ်ဖို့ဘဲ ဖြစ်ပါတယ်လို့ ဆန္ဒပြုတင်ပြလိုက်ပါတယ်။ ကပ်ရောဂါဘေးမှ ကင်းဝေးသလို ဥပဒေအတွင်းမှာသာ နေထိုင်ခြင်းဖြင့် ဘေးကင်းကွာနိုင်ကြပါစေ။

စာကိုး။
(၁) ‘သတင်းအသိသတိရှိကြပါစို့’ ဒေါက်တာဇင်မာကျော်(သတင်းအတတ်ပညာ)၊ ၁၀-၁၁-၂၀၂၀။ ကြေးမုံ နေ့စဉ်သတင်းစာ’။
(၂) အမုန်းစကားမပြောရေး၊ အိမ်တွင်းအကြမ်းဖက်မှုမဖြစ်စေရေး၊သတင်းအချက်အလက်ဝန်ပိခြင်းစသည့် သတင်း ကြေညာချက်များ၊ နေ့စဉ်ထုတ် သတင်းစာများ။

ရေးသူ – ဒေါက်တာအေးမြင့်