အဆိုတော်မီးမီးခဲကွယ်လွန်ခြင်း တစ်လပြည့်အမှတ်တရသီချင်းသစ်ထွက်ရှိမည်

အဆိုတော်မီးမီးခဲကွယ်လွန်ခြင်း တစ်လပြည့်အမှတ်တရအဖြစ် See You Again In Heaven အမည်ရှိ သီချင်းသစ်တစ်ပုဒ် နိုဝင်ဘာ ၁၆ ရက်တွင်ထွက်ရှိမည်ဖြစ် ကြောင်း အဆိုတော်မီးနိုက စံတော်ချိန်သို့ပြောသည်။

“မမီးခဲဆုံးတာက မနက်ဖြန်ဆိုတစ်လပြည့်ပြီ။ တစ်လပြည့်တဲ့အနေနဲ့ဒီသီချင်းထွက်မှာဆိုတော့ မမီးခဲကြားရင် ၀မ်းမြောက်မယ်ထင်တယ်။ မီးနိုတို့ရင်ထဲမှာ မမီးခဲကအမြဲရှင်သန်နေဦးမယ်။ သူ့သီချင်းတွေကလည်းရှင်သန်နေဦးမယ်။ တစ်ချိန်ကြလို့ရှိရင်ကောင်းကင်နိုင်ငံမှာပြန်ဆုံမယ်လို့ယုံကြည်တယ်။ လောလောဆယ် မမီးခဲကအရင်ဆုံးအိမ်ကိုပြန်သွားတယ်လို့ပဲ ခံစားရတယ်။ အဲဒီလိုပဲ သဘောထားပါတယ်” ဟု အဆိုတော်မီးနိုကပြောသည်။

အဆိုတော်မီးနိုမှတေးရေးဆရာ ဆလိုင်းကို မီးမီးခဲမကွယ်လွန်မီအချိန်တွင် ရေးစပ်ရန်ညှိနှိုင်းထားခဲ့ပြီး အဆိုတော်မီးမီးခဲကွယ်လွန်ချိန်တွင် မီးမီးခဲအတွက် ဂုဏ်ပြုသည့်အနေဖြင့်ရည်စူးပြီးရေးစပ်ဖြစ်ခဲ့ကြောင်းဆိုသည်။

See You Again In Heaven အမည်ရှိသီချင်းကို တေးရေးဆရာဆလိုင်းမှ ရေးစပ်ပေးထားပြီး အဆိုတော် မီးနိုအပါအ၀င် featuring အနေဖြင့် အမျိုးသားတေးသံရှင်များဖြစ်သည့် ဟဲလေး ၊ ကျော်သီဟ ၊ ကောင်းကောင်း ၊ ဇွဲပြည့် ၊ ဝေကြီး ၊ ပိုင်တံခွန် ၊ ဟန်ထူးဈာန် ၊ စောထက်နိုင်စိုး၊ Daniel Saw ၊ ရဲလွင်တို့ပါဝင်သီဆိုထားပြီး အမျိုးသမီးတေးသံရှင်များဖြစ်သည့် Jenny ၊ နီနီခင်ဇော် ၊ လိမ္မော်သီး ၊ ထွန်းရတီ ၊ ဘီလီလမင်းအေး၊ ဖြူဖြူဟန် ၊ Zar Zan Han Thar ၊ ဘေလီဆုသံသာ ၊ Mei Mei ၊ မေချစ်သွေးတို့က ပါဝင်ကူညီသီဆိုပေးထားကြောင်းသိရသည်။

သတင်း – အဉ္ဇလီသင်း /စံတော်ချိန်
ဓာတ်ပုံ – မီးနို facebook