ယာလက်ဖြင့် ရိက္ခာ၊ ဝဲလက်ဖြင့် အဝတ်တန်ဆာပေးသော အစိုးရမျိုးလိုချင်မိ

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကတော့ နိုဝင်ဘာ ၈ ရက်က အောင်အောင်မြင်မြင် ကျင်းပပြီးစီးသွားခဲ့ပါပြီ။ အဲဒီရွေးကောက်ပွဲကြီးမှာ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ တစ်ပြည်လုံး အုန်းအုန်းကျွက်ကျွက်နဲ့ ပြည်နယ်/တိုင်း အလိုက် တက်တက်ကြွကြွ ပါဝင်ကာ မိမိတို့ရဲ့ဆန္ဒကို မဲပေးပြီး ဖော်ထုတ်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

မဲမပေးမီ ကာလအတွင်းမှာတော့ မိမိတို့နှစ်သက်တဲ့ ပါတီကို မဲပေးကြဖို့ရာ နီးစပ်ရာ နီးစပ်ရာအလိုက် သဘောထားတွေကို မေးစမ်း၊ တီးခေါက်၊ စည်းရုံးကြတာမျိုးတွေလည်း ရှိကြပါတယ်။ အဲဒီအခါမှာ မိမိတို့ရဲ့ စားဝတ်နေရေးကို အဓိကထား လုံးပန်းနေရတဲ့သူတွေက ‘ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာပဲ’လို့ စိတ်မဝင်စားဟန်နဲ့ စကားကို ‘ငါ့စကားနွားရ’ဆိုသလို ကိုယ်လိုရာဆွဲပြီး တစ်ဖက်သတ် တစ်ဇွတ်ထိုး ပြောတာမျိုးတွေကို အများဆုံးကြားကြရပါတယ်။

သူတို့ချေပလိုက်တဲ့ ‘ကိုယ်လုပ်မှ ကိုယ်စားရတာ’ ဆိုတဲ့ စကားက ရုတ်တရက်ဆို မှန်သလိုလိုရှိတာမို့ အပြန်အလှန် အတိုက်အခံ ပြောဆိုနေကြသူတွေကို ရုတ်ခြည်းဆိုသလို ဘာပြန်ပြောရမှန်းမသိဘဲ နှုတ်ဆွံ့သွားစေတတ်တာ အမှန်ပါ။ တကယ်တမ်းဆိုရင် ‘ကိုယ်လုပ်မှ ကိုယ်စားရတာ’ မှန်ပေမယ့် နိုင်ငံတစ်နိုင်ငံမှာ ဦးဆောင်မှုပေးတဲ့ အစိုးရကောင်းတစ်ရပ် ရခဲ့ရင် ကိုယ်မလုပ်ပေမယ့်လည်း နိုင်ငံသားတစ်ယောက် အမှန်ရသင့်ရထိုက်တဲ့ အခွင့်အရေးမျိုးတွေ ရပိုင်ခွင့်၊ ခံစားခွင့် ရှိတယ်ဆိုတာ သူတို့ မသိကြလို့နေမှာပါလို့ပဲ မချင့်မရဲ တွေးလိုက်ပါတယ်။

ရှည်ရှည်ဝေးဝေး မပြောလိုပါဘူး။ မိမိတို့နိုင်ငံရဲ့ အသိုင်းအဝိုင်းဖြစ်တဲ့ အာဆီယံနိုင်ငံ တော်တော်များများမှာတောင် နိုင်ငံသားများဟာ ကျန်းမာရေး ဆေးကုသစရိတ် အခမဲ့၊ ပညာသင်စရိတ်အခမဲ့ ခံစားနိုင်အောင် အစိုးရအပိုင်းက စီမံပေးထားတာကို တွေ့ရှိရပါတယ်။ အနာရောဂါဖြစ်လာတဲ့ အခါ မကျန်းမမာ ဖျားနာတာကစလို့ ခွဲစိတ်ကုသမှု ခံယူနိုင်သည်အထိ နိုင်ငံပိုင်ဆေးရုံတွေမှာ ပြည်သူတွေအားလုံး တပြေးညီ အခမဲ့ဆေးကုသနိုင်ကြပါတယ်။ ပညာရေးဘက်မှာလည်း မူလတန်းကနေ အထက်တန်းအဆင့်အထိ ဘာတစ်ခုမျှ အကုန်အကျခံစရာမလိုတဲ့ အခမဲ့ပညာရေးစနစ်ပါ။ နိုင်ငံအချို့ မှာတော့ ဒါထက်ပိုမိုတဲ့ ပြည်တွင်းပြည်ပ တက္ကသိုလ်ပညာသင် စရိတ်တွေကိုတောင် အစိုးရက တာဝန်ယူပေးရတာမျိုးတွေ ရှိကြောင်း သိရပါတယ်။

နိုင်ငံအတွင်းမှာရှိနေတတ်တဲ့ အခြေခံလူတန်းစားတွေမှာ မိသားတစ်စုရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစရိတ်နဲ့ ကလေးတွေ ပညာသင်စရိတ် အခမဲ့ဖြစ်သွားတဲ့အခါ များစွာအသက်ရှူ ချောင်သွားစေတာမို့ သူတို့ရဲ့ ဝင်ငွေမှာ အထိုက်အလျောက် အပိုအလျှံရှိလာပြီး အနေအစားချောင်လည်လာမှာ မလွဲပါပဲ။

“နိုင်ငံသားတစ်ယောက်ဖြစ်တဲ့ မိမိအနေဖြင့် မိမိတို့နိုင်ငံကို ဦးဆောင်ဦးရွက်ပြုမည့် အစိုးရတစ်ရပ် ဖွဲ့စည်းဖို့ ဆန္ဒပြုရာမှာ တစ်စုံတစ်ရာသော ပါတီတစ်ခု၏ မူဝါဒလမ်းစဉ် သဘောတရားများထက် ခေါင်းဆောင်ပြုမည့် သူ၏ ကိုယ်ကျင့်သိက္ခာ၊ ဉာဏ်ပညာအမြော်အမြင်နှင့် စာနာစိတ်ထားတတ်သည့် နှလုံးသားကို အလေးထားပြီး အဆိုပြု ဆန္ဒမဲပေးခဲ့ခြင်း ဖြစ်ပါတယ်။”

ပိုပြီး အားကျစရာကောင်းတာက စီမံခန့်ခွဲမှုကောင်းတဲ့ အစိုးရမျိုးရထားတဲ့ နိုင်ငံတွေမှာ အသက်အရွယ်ကြီးရင့်လာတဲ့ နိုင်ငံသားတွေကို သူတို့ရဲ့ ပင်စင်လစာအပြင် သက်ကြီး ထောက်ပံ့ကြေးတွေ လစဉ်ပေးထားပါသေးတယ်။ ဒါကြောင့်မို့ မပူမပင်နဲ့ နိုင်ငံတကာ ပတ်သွားနေကြတဲ့ ကမ္ဘာလှည့်ခရီးသည် အဘိုးကြီး၊ အဘွားကြီးတွေကို မိမိတို့တစ်တွေ တွေ့မြင်နေကြ ရတာပါ။

အဲဒီအကြောင်းအချက်တွေကို ခြုံငုံပြီး စဉ်းစားကြည့် လိုက်တဲ့အခါမှာ မိမိတို့နိုင်ငံရဲ့ ကိုဗစ်ကာလအတွင်း ပြည်သူ တွေ ဝင်ငွေထိခိုက်လျော့ပါးနေကြလို့ လက်ရှိ အစိုးရက မိမိတို့ လစဉ်သုံးစွဲနေတဲ့ မီတာခကျသင့်ငွေကို လစဉ် ကျပ်ငွေ ၁၁၅၅၀ ပုံမှန်လျှော့ပေါ့ပေးနေလို့ ဝမ်းသာလိုက်ကြတာ။ အချို့အိမ်တွေမှာဆို မီတာ မဆောင်ရတဲ့အပြင် အစိုးရထံမှ ရရန်ငွေ ထွက်လာတာကို မယုံနိုင်ဖွယ် တွေ့ရပါသေးတယ်။

မိမိတို့နိုင်ငံဟာ ဖွံ့ဖြိုးမှုအနည်းဆုံး စာရင်းထဲမှာ ပါဝင် နေတဲ့နိုင်ငံဖြစ်လို့ အစိုးရဆိုလည်း မချမ်းသာပါဘူး။ လက်ရှိ အစိုးရက အသက်(၈၀)နှင့်အထက် သက်ကြီးရွယ်အိုတွေကို သူတတ်နိုင်သလောက် ကျပ် ၁၀၀၀၀ လစဉ်ထောက်ပံ့ကြေး တွေ စီမံပေးထားပါတယ်။ ကိုဗစ်ကာလမှာတော့ ငွေကျပ် ၃၀၀၀၀ ထောက်ပံ့ပေးလို့ ကြားရရုံနဲ့တင် ဝမ်းသာပီတိ ကြီးစွာ ဖြစ်ရပါတယ်။ ဝင်ငွေပုံမှန်မရှိတဲ့ အခြေခံလူတန်းစားမိသားစု တွေကိုလည်း အခါအားလျော်စွာ စားသုံးကုန်ပစ္စည်းနှင့် ငွေကြေးအချို့ကို ထောက်ပံ့ပေးလျက် ရှိပါတယ်။ ပေးရန် ပြည်ပအကြွေးဗရပွရှိနေတဲ့ အစိုးရက လက်ခုပ်မပြည့်သော် လည်း လက်ကြားယိုပေးတဲ့ စေတနာနဲ့ စာနာထောက်ထားမှု တွေကိုတော့ အသိအမှတ်မပြုချင်လို့ မရလောက်အောင်ကို ခံစားရပါတယ်။

မြန်မာ့သမိုင်းမှာ မင်းကောင်းမင်းမြတ်တစ်ပါး ဖြစ်တဲ့ ကျန်စစ်သားမင်းဟာ ပုဂံကို ရန်သူတွေဖျက်ဆီးလို့ အမျိုးလေးပါးသော ပြည်သူတွေ အတိဒုက္ခရောက်ကြတဲ့အခါ ကျန်စစ်သားမင်းကြီးက ‘ထိုသူတို့၏ဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့၊။ ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာကိုပေးအံ့။ ငါ၏ ဝဲလက်ဖြင့် အဝတ်အစား တန်ဆာပေးအံ့။ အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း ပြည်သူအပေါင်းကို နှစ်သိမ့်ပါအံ့ဟူ၍ တိုင်းသူပြည်သားများအပေါ် ရင်နှစ်သားများကဲ့သို့ မေတ္တာ၊ ကရုဏာထားရှိပုံကို ရွှေစည်းခုံဘုရားကျောက်စာမှာ အထင် အရှား ရေးထိုးထားတာကို တွေ့ရှိရပါတယ်။

ဒါကြောင့်လည်း နိုင်ငံသားတစ်ယောက်ဖြစ်တဲ့ မိမိ အနေဖြင့် မိမိတို့နိုင်ငံကို ဦးဆောင်ဦးရွက်ပြုမည့် အစိုးရတစ်ရပ် ဖွဲ့စည်းဖို့ ဆန္ဒပြုရာမှာ တစ်စုံတစ်ရာသော ပါတီတစ်ခု၏ မူဝါဒလမ်းစဉ် သဘောတရားများထက် ခေါင်းဆောင်ပြုမည့် သူ၏ ကိုယ်ကျင့်သိက္ခာ၊ ဉာဏ်ပညာအမြော်အမြင်နှင့် စာနာ စိတ်ထားတတ်သည့် နှလုံးသားကို အလေးထားပြီး အဆိုပြု ဆန္ဒမဲပေးခဲ့ခြင်း ဖြစ်ပါတယ်။

ဒါမှလည်း ပြည်သူတွေရဲ့ဝန်ကို ကူညီထမ်းပိုးပေးမည့် ပြည်သူ့ဝန်ထမ်း အစိုးရအစစ်ကို ရရှိမှာဖြစ်သလို ကိုယ်လုပ်မှ ကိုယ်စားရတယ်ဆိုတဲ့အဖြစ်မျိုးထက် ကျော်လွန်ပြီး ကိုယ်တိုင် မလုပ်သော်လည်းဘဲ ရေမြင့်၍ ကြာတင့်ရသော ပြည်သူတွေ အဖြစ် ရောက်ရှိလာကြမှာ မဟုတ်ပါလားဗျာ။

ရေးသူ – စံလွင်(ငါးဦးစီး)

စံတော်ချိန်ဗိုက်ဗာ – https://tinyurl.com/y5vtkrh7
စံတော်ချိန်ယူကျု့-https://www.youtube.com/c/TheStandardTimeTVFreeToAir