ရွေးကောက်ပွဲတွင်ရှုံးနိမ့်ခဲ့သောပါတီများမှာ မဲဆွယ်စည်းရုံးမှုအားမကောင်း၍သာဖြစ်ဟု ရွေး/ကော် ဥက္ကဋ္ဌ သုံးသပ်

၂၀၂၀ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သောပါတီများမှာ ကိုဗစ်ဂယက်ကြောင့်မဟုတ်ဘဲ မဲဆွယ်စည်းရုံးမှုအားမကောင်း၍သာဖြစ်​ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့(နိုဝင်ဘာ ၁၇ ရက်ထုတ်) ကြေးမုံသတင်းစာနှင့်အင်တာဗျူးတွင် သူ၏အမြင်ကိုသုံးသပ်ပြောကြားလိုက်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၈၇ ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရပါတီ ၁၉ ပါတီရှိကြောင်း၊ ကိုယ်စားလှယ်လောင်းရွေးချယ်ခွင့်မရသည့် ပါတီမှာ ၆၈ ပါတီရှိကြောင်း ဦးလှသိန်းကပြောသည်။

“တချို့​ပါတီတွေက COVID-19 ဖြစ်ပွားတဲ့ကာလမို့ မဲဆွယ်စည်းရုံးရေးဆင်းရတာ အခက်အခဲရှိနေလို့ ဒီလောက် ၁၉ ပါတီပဲနိုင်တာလို့ဖြေကြားတယ်။ ကျွန်တော်ကတော့ ဒီလိုမထင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ၂၀၁၅ တုန်းက ဒီကပ်ရောဂါဘေးမရှိဘူး။ လွတ်လွတ်လပ်လပ်နဲ့မဲပေးနိုင်တဲ့အခြေအနေပါ။ အဲဒီတုန်းက ၉၁ ပါတီပြိုင်တယ် ၂၂ ပါတီနိုင်တယ်။ ၆၉ ပါတီက ကိုယ်စားလှယ်လောင်းအရွေးမခံရပါဘူး။ ဒါက ကိုဗစ်ရောဂါကြောင့်ဖြစ်ခဲ့တဲ့တာ မဟုတ်ပါဘူး။ ဒါဟာ နိုင်ငံရေးပါတီတွေရဲ့ စည်းရုံးမှုအားမကောင်းလို့သာဖြစ်တယ်လို့ယုံကြည်ပါတယ်” ဟု ၎င်းက ၂၀၁၅ ရွေးကောက်ပွဲရလဒ်နှင့်နှိုင်းယှဉ်၍ ပြောသည်။

ထို့အပြင် ရွေးကောက်ပွဲကာလတွင် အမေရိကန်နိုင်ငံက ဒေါ်လာ ၄၆ သန်းထောက်ပံ့ပေးခဲ့သည့်အပေါ် နိုင်ငံရေးပါတီများ၏ ဝေဖန်မှုများနှင့်ပတ်သက်ပြီး ဦးလှသိန်းက −
“ဒါက အမေရိကန်သံရုံးရဲ့ပြောဆိုမှုကို အဓိပ္ပါယ်ကောက်ယူမှုလွဲတာပါ။ တကယ်တမ်း အမေရိကန်သံရုံးကပြောတာက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့လုပ်ငန်းတွေအတွက် အမေရိကန်နိုင်ငံက ဒေါ်လာ ၄၆ သန်းအကူအညီပေးတယ်ပြောတာပါ။ ကျွန်တော်တို့ကို ၄၆ သန်းပေးတယ်လို့ပြောတာ မဟုတ်ပါဘူး။ ၄၆ သန်းပေးတယ်ပြောတာက ကျွန်တော်တို့ကိုဝယ်ပေးတဲ့ စက်ပစ္စည်းဖိုးတွေ၊ သင်တန်းတွေအတွက် ကုန်ကျတာကို ဒီထဲက ကျခံခဲ့တာကိုပြောတာပါ။ ငွေသားအနေနဲ့ တစ်ဒေါ်လာမှမပေးခဲ့ပါဘူး။ အဲဒါကို တချို့ပုဂ္ဂိုလ်တွေက ၄၆ သန်းလုံး ကျွန်တော်တို့ရရှိတယ်လို့ထင်မြင်ချက်ပေးကြတာပါ” ဟု ဆိုသည်။

ဆက်လက်ပြီး နိုင်ငံရေးပါတီတစ်ချို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ယုံကြည်မှုမရှိကြောင်း ဝေဖန်ပြောဆိုမှုများနှင့်ပတ်သက်ပြီး လွတ်လပ်စွာဝေဖန်ပြောကြားနိုင်ခွင့်ရှိသည့်အတွက် လက်ခံကြောင်း၊ သို့သော် ဝေဖန်ပြောကြားချက်များ မှန်ခြင်း၊ မမှန်ခြင်းကို ပြည်သူများကအဆုံးအဖြတ်ပေးသွားမည်ဖြစ်ကြောင်း ဦးလှသိန်းက ရှင်းလင်းပြောကြားထားသည်။

သတင်း – မိုးသိမ့်နိုင်/စံတော်ချိန်
ဓာတ်ပုံ − The Mirror Daily FB