AA အဖွဲ့က ဖမ်းဆီးထားသော လွှတ်တော်ကိုယ်စားလှယ်သုံးဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် NLD ပါတီတောင်းဆို

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(AA) မှ ဖမ်းဆီးခေါ်ဆောင်ထားသော NLD ပါတီ တောင်ကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်သုံးဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် ယနေ့ (နိုဝင်ဘာ ၁၈ ရက်) တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တောင်းဆိုလိုက်သည်။

၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ခြင်းအတွက် မဲဆန္ဒရှင်ပြည်သူများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ကျေးဇူးတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်ကြေညာရာတွင် အထက်ပါတောင်းဆိုချက်ကို ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

ရွေးကောက်ပွဲစည်းရုံးရေးကာလအတွင်း ကိုယ်စားလှယ်လောင်းများကို အန္တရာယ်ပြုခြင်းသည် ဒီမိုကရေစီရေသောက်မြစ်ဖြစ်သော လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲများဖြစ်မြောက်ရေးကို အထိနာစေသည့်အတွက် အဆိုပါကိုယ်စားလှယ်လောင်းများကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ရွေးကောက်ပွဲကာလ ပါတီစည်းရုံးရေးလုပ်ရာတွင် အထူးအခက်အခဲကြုံတွေ့ခဲ့ရသော ကိုယ်စားလှယ်လောင်းများနှင့် အောင်နိုင်ရေးကော်မတီအားလုံး၏ တာဝန်သိစိတ်နှင့် ရဲစွမ်းသတ္တိတို့ကို အလေးထားဂုဏ်ပြုကြောင်း၊ အထူးသဖြင့် အန္တရာယ်များကြားက ရခိုင်ပြည်နယ်တောင်ကုတ်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသော NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့အား အထူးချီးမွမ်းဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော အဖွဲ့ဝင်များအားလုံးကို ကျေးဇူးတင်ကြောင်းနှင့် ပြည်သူများ၏ ယုံကြည်ထောက်ခံမှုဖြင့် အောင်နိုင်ခဲ့ခြင်းဖြစ်၍ ပြည်သူများ၏ မျှော်လင့်ချက်များကို အကောင်အထည်ဖော်ပေးရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ထွန်းရေး၊ နိုင်ငံတော်ငြိမ်းချမ်းသာယာတိုးတက်ဖွံ့ဖြိုးရေးတို့ကိုဦးတည်၍ တတ်စွမ်းသမျှ ကာယအား၊ ဉာဏအားတို့ဖြင့်တာဝန်ထမ်းဆောင်ရန် သန္နိဋ္ဌာန် ခိုင်မာစွာချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်သုံးဦးသည် အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် မဲဆွယ်စည်းရုံးရေးဆောင်ရွက်နေစဉ် AA လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး ယခုဆိုလျှင် အချိန်ကာလ တစ်လကျော်ရှိလာခဲ့ပြီဖြစ်သည်။

သတင်း – မိုးသိမ့်နိုင်/စံတော်ချိန်