ငွေကျပ်သိန်း ၁၀၀၀ နှင့်ညီမျှသော ကုသရေးပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များ သရုပ်ဆောင်နေခြည်ဦး လှူဒါန်းမည်

COVID−19 ကပ်ရောဂါကာလအတွင်း လိုအပ်နေသည့်နေရာများသို့ ငွေကျပ် သိန်း ၁၀၀၀ နှင့်ညီမျှသော ပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များကို သရုပ်ဆောင်နေခြည်ဦး Beauty Blogger က လှူဒါန်းသွားမည်ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပရိသတ်များအားအသိပေးထားသည်။

“ရန်ကုန်ဆေးရုံကြီးမှာလည်း ကိုဗစ်လူနာတွေအတွက် ဆေးကုသရေးမှာ အဆင်ပြေစေဖို့ သွားရောက်လှူဒါန်းဖြစ်တယ်။ မနေ့က နေခြည်တို့ နှစ်နေရာနဲ့တင်အချိန်ကုန်သွားတာနဲ့ နောက်ရက်တွေမှာလည်း တစ်ခြားနေရာတွေ သွားလှူဖို့ရှိသေးတယ်။ ဘယ်နေရာတွေမှာ လှူဖြစ်တယ်ဆိုတာလည်း Chillies တွေကို အမြဲ Update ပေးနေမယ်” ဟု ရေးသားဖော်ပြထားသည်။

နိုဝင်ဘာ ၁‌၇ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ COVID – 19 အတည်ပြုလူနာများအားကုသရန် ကျပ်သိန်းနှစ်ရာကျော်တန်ဖိုးရှိ ကုသရေးအထောက်ကူပြုပစ္စည်း Syringe Pump ၁၀ လုံး ၊ Infusion Pump ၁၀ လုံးနှင့် Portable Ultrasound ၁ လုံး စုစုပေါင်း ၂၈၂ သိန်းကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့သွားရောက်ပြီး အမေများအဖွဲ့၊ ကိုလူချောအဖွဲ့၊ မမများအဖွဲ့၊ အဓိကသရုပ်ဆောင်အခြေခံအလွှာနှင့် ဇာတ်လမ်း/ဇာတ်ညွှန်းအခြေခံအလွှာများအတွက် ဆန်နှင့်ဆီ သိန်း ၁၀၀ ဖိုးကို She Shines Jewelry နှင့်အတူ ပူးပေါင်းလှူဒါန်းခဲ့သည်။

သတင်း – အဉ္ဇလီသင်း / စံတော်ချိန်
ဓာတ်ပုံ – beautybynaychi page