ရိုက်ကူးရေးမှာ ကားနဲ့ ခန္ဓာကိုယ် မဆံ့တဲ့အတွက် အခက်ကြုံခဲ့ရတဲ့ ဒီဝိန်းဂျွန်ဆင်

အရပ်အမြင့် ၆ ပေ၊ ၅ လက်မနဲ့ ကိုယ်အလေးချိန် ပေါင် ၂၆၀ လို့ သူ့ကိုယ်ရေးအချက်အလက်တွေမှာ ဖော်ပြထားပေမယ့် တကယ်တမ်းအပြင်မှာ ဒီထက်မက ခန္ဓာကိုယ်ကြီးတဲ့ WWE နှပမ်းသမားဟောင်း The Rock ခေါ် ဒီဝိန်းဂျွန်ဆင်ဟာ “Red Notice” ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ခန်းကို ရိုက်ကူးရာမှာ ပေါ်ရှေးကားနဲ့ မဆံ့တဲ့အတွက် တော်တော်လေး အခက်တွေ့ခဲ့ရပါတယ်။

နက်ဖလစ်က ပြသမယ့် “Red Notice” ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးအစီအစဉ်မှာ ကြုံတွေ့ရတဲ့ အခက်အခဲ တချို့ကို မင်းသားဒီဝိန်းဂျွန်ဆင်က သူ့အင်စတာဂရမ်ကနေ ပြန်လည်ဝေမျှရာမှာ အခုလိုထည့်သွင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ သူ့ရဲ့အင်စတာဂရမ်မှာ ဒီဝိန်းဂျွန်ဆင်က “ နောက်ထပ် ပြိုင်ကားအမျိုးအစားနဲ့ မဆံ့လောက်အောင်အထိ ခန္ဒာကိုယ်ကြီးမားနေတာ ဘယ်သူလဲဆိုတာကို ခန့်မှန်းကြည့်လိုက်ပါ”လို့ ပို့စ်တင်ခဲ့ပါတယ်။

“Red Notice” ရုပ်ရှင်ဇာတ်ကားမှာ ဒီဝိန်းဂျွန်ဆင်နဲ့အတူ ရိုင်ယန်ရေးနိုးလည်း ပါဝင် သရုပ်ဆောင်ထားပြီး ပေါရှေးကားနဲ့ ရိုက်ရတဲ့ ဇာတ်ဝင်ခန်းမှာ ဒီဝိန်းဂျွန်ဆင်ရဲ့အဖြစ်က ရိုက်ကူးရေးအဖွဲ့သားတွေအားလုံး ရယ်မောစရာတစ်ခုဖြစ်ခဲ့ရပါတယ်။

ကိုးကား – Autoblog
သတင်း – မောင်ဇေယျ