ပြည်ခိုင်ဖြိုးပါတီကို ယုံကြည်သော မဲဆန္ဒရှင်တစ်သိန်းကျော်က ပျော်ဘွယ် ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်လက်မှတ်ရေးထိုး

နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် ပျော်ဘွယ်မြို့နယ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ရလဒ်သည် တရားမျှ တမှုမရှိသော မမှန်မကန်ဆောင်ရွက်မှုများနှင် တရားမဲ့ပြုကျင့်မှုများဖြစ်သည့် ရွေးကောက်ပွဲဖြစ်၍ တရားမျှတမှုရှိစေရန် ပြည်ခိုင်ဖြိုးပါတီကို ယုံကြည်သော မဲဆန္ဒရှင်ပြည်သူ တစ်သိန်းကျော်က လက်မှတ်ရေးထိုး ကန့်ကွက်ခြင်းလှုပ်ရှားမှုကို နိုဝင်ဘာ ၁၈ ရက်တွင် စတင်လိုက်ကြောင်း သိရသည်။

‘ရွေးကောက်ပွဲ တရားမျှတမှုရှိဖို့ ကန့်ကွက်စာကို လက်မှတ်ရေးထိုးတာ ဖြစ်တယ်။ ရွာတွေကတော့ ထိုးနေပြီ။ ရောက်တဲ့ရွာလည်းရောက်နေပြီ။ ဒီရွေးကောက်ပွဲကို မကျေနပ်လို့ပေါ့။ တရားမဲ့ပြုကျင့်တာတွေကို သူတို့မကျေနပ်တဲ့အတွက် လက်မှတ်ရေးထိုးတာပေါ့။ ဒါ ပျော်ဘွယ်ကို ကန့်ကွက်တာ။ ပျော်ဘွယ်ရဲ့ ရွေးကောက်ပွဲရလဒ်ကိုပေါ့’ဟု ပြည် ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ဦးသောင်းအေးက ပြောသည်။

ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုများနှင့်ပတ်သက်၍လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပျော်ဘွယ်မြို့နယ်ကိုယ်စားလှယ်လောင်းများက နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အယောင်ဆောင်မဲပေးခြင်း၊ အသက်မပြည့်သူများ မဲပေး ခြင်း၊ လိမ်လည်မဲပေးခြင်း၊ တစ်ဦးတည်း မဲရုံနှစ်ရုံတွင် မဲပေးခြင်း၊ တစ်ဦးတည်း မဲနှစ်ကြိမ်ပေးခြင်း၊ မဲစာရင်း သက်သေခံလက်မှတ်အပိုပြုလုပ်ထားခြင်း၊ ငွေပေးခြိမ်း ခြောက်မဲပေးခြင်းနှင့် ငွေပေးပြီး မဲဝယ်ခြင်းစသည်ဖြင့် တရားမဲ့ပြုကျင့်မှုများရှိကြောင်း ရှင်းလင်းပြောကြားခဲ့ သည်။

ထို့ပြင် ပျော်ဘွယ်မြို့နယ်တွင် မှတ်ပုံတင်မရှိဘဲ မဲစာရင်းတွင်ပါဝင်သူ နှစ်သောင်းကျော်ရှိပြီး မဲစာရင်းမှားယွင်းခြင်း၊ မိဘနာမည်တူခြင်း စသည့်ဖြစ်ရပ်များလည်းရှိကြောင်း သိရသည်။

ဦးသောင်းအေးသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပျော်ဘွယ်က အနိုင်ရရှိခဲ့သူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ယင်းနေရာမှပင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကာ မဲရလဒ်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်လောင်းက မဲအသာဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

‘ကျွန်တော့်ရဲ့ ပျော်ဘွယ်မှာ ပြည်သူ့လွှတ်တော်ရဲ့ မဲရရှိတဲ့အနေအထားလေးကို အကဲဖြတ်လို့ရအောင် ပြောချင်ပါတယ်။ ၂၀၁၅ တုန်းကရရှိတဲ့မဲနဲ့ ဒီနေ့ USDP ပြန်ရရှိတဲ့မဲဟာ ၈၀၀၀ ကျော် လျော့နည်းသွားပါတယ်။ ဟိုဘက် ပါတီရဲ့မဲက လေးသောင်းကျော်ပိုလာပါတယ်။ အဲဒီတော့ စုစုပေါင်းရတဲ့မဲအရေအတွက်ကို နှိုင်းယှဉ်ရင် မဲသုံးသောင်းကျော် ကျွန်တော်တို့ USDP ပါတီက လျော့နည်းနေတာ တွေ့ရပါတယ်။ အဲဒီတော့ ဒါကိုသုံးသပ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ပါတီက လျော့နည်းသွားတဲ့ ၈၀၀၀ အပြင် နောက်ထပ်လိုအပ်နေတဲ့ တိုးလာတဲ့ မဲပေါင်း ၃၃၁၃၄ ယောက် အဲဒီလူပုဂ္ဂိုလ်အားလုံးဟာ အဲဒီ ပါတီကိုပဲ မဲပေးတယ်ဆိုတာ ဖြစ်နိုင်ခြေရှိပါသလား။ ရိုးရိုးလေးတွေးဖို့ပြောတာ’ဟု ဦးသောင်းအေးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်သည်အထိ အောင်မြင်မှုရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော်၌ ၄၁ နေရာသာ အနိုင်ရရှိခဲ့သည်။

ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် ယခင်ရွေးကောက်ပွဲများ၌ ပြည်ခိုင်ဖြိုးအနိုင်ရရှိခဲ့သော မိတ္ထီလာ၊ ရမည်းသင်း၊ ပျော်ဘွယ်၊ မင်းကင်း စသည့်မဲဆန္ဒနယ်များတွင်လည်း ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

သတင်း – မင်းမင်းထွန်း
ဓာတ်ပုံ – Competitor

စံတော်ချိန်ဗိုက်ဗာ – https://tinyurl.com/y5vtkrh7
စံတော်ချိန်ယူကျု့-https://www.youtube.com/c/TheStandardTimeTVFreeToAir