စစ်ကိုင်းသမိုင်းထဲက ပလိပ်ကထိန်

ပိတောက်ချောင်မြင်ကွင်း။

ပလိပ်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် ခရိုင်၊ စဥ့်ကိုင်းမြို့နယ်ထဲက ရွာကြီးတစ်ရွာဖြစ်သည်။ သို့သော် ပလိပ်သူ၊ ပလိပ်သားများက ပလိပ်ကိုရွာဟု မသတ်မှတ်။ ရှေးကတည်းက ပလိပ်စားဧချင်းများရေးသားခဲ့သူ ဦးဖျော်အပိုင်စားခဲ့သောမြို့ဖြစ်၍ ပလိပ်မြို့ဟုသာ သတ်မှတ်ကြသည်။

ပလိပ်မှာ အထက်တန်းကျောင်း၊ ရဲစခန်း၊ နေ့စဉ် ဈေး ကြီးနှင့် တိုက်နယ်ဆေးရုံများ ရှိသည်။ ရပ်ကွက်ကြီးများရှိရာ ၎င်းတို့အထဲမှာ အမည်တပ်ခေါ်ထားသည့်ရပ်ကွက်ကလေးတွေပါရှိနေသဖြင့် ရပ်ကွက်ပေါင်း ၃၀ ဝန်းကျင်ရှိပေလိမ့်မည်။ သို့အတွက် ပလိပ်ဒေသခံများက ပလိပ်ကို မြို့အဆင့် သတ်မှတ်ကြတာ လွန်အံ့မထင်။

ပလိပ်မြို့မှာ စေတီပုထိုးများစွာရှိသည်။ ဘုရားစေတီ တွေ ပေါများလွန်းသဖြင့် တချို့က ဒုတိယပုဂံဟုပင် တင်စားကြသည်။ ပလိပ်မြို့မှာ အထင်ရှားဆုံးဘုရားက ပလိပ်မြွေဘုရား။ နှစ်စဉ် ဝါဆိုလဆန်း ၁၄ ရက်မှ စတင်၍ မြွေဘုရားပွဲ ကျင်းပသည်။ တစ်လကြာသည် အထိကျင်းပသည့် ထူးခြားသောဒေသဆိုင်ရာဘုရားပွဲကြီးပင်။ ဘုရားပွဲမှာ ပွဲတော်ဈေးတန်း အခင်းအကျင်းကောင်းသည်။ ရုံသွင်းဇာတ်ပွဲကြီးတွေ နှစ်ဖွဲ့သုံးဖွဲ့ ကပြဖျော်ဖြေသည့်ပွဲကြီး။ သံဃာ့ဒါနဆွမ်းဆန် စိမ်းလောင်းလှူပွဲကြီး ကျပြန်တော့လည်း မြို့လုံးကျွတ် လောင်းလှူတာမို့ စည်ကားသည်။

ပိတောက်ချောင်က ရှေးဟောင်းအုတ်တိုက်ကျောင်း။

ပလိပ်မှာ မဟာဗောဓိညောင်ပင်ရှိသည်။ နိုင်ငံတော် ဝန်ကြီးချုပ်(ဟောင်း)ဦးနု အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာမှ ပင့်ဆောင်လာသည့် မဟာဗောဓိညောင်ပင်ဖြစ်သည်။ အခုဆိုလျှင် နှစ် ၇၀ ကျော် သက်တမ်းရှိပြီ။

ကဆုန်လပြည့်နေ့မှာ ရပ်ကွက်တိုင်းက မဟာဗောဓိ ပင်ကို ညေင်ရေသွန်းလောင်းလာကြသည်။ ညောင်ရေသွန်း လောင်းပွဲတော်ရက်မှာ ပလိပ်မြို့ရပ်ကွက်ကြီး ၁၆ ရပ်ကွက် စလုံးမှ လှပျိုဖြူများက ညောင်ရေအိုး၊ ညောင်ရေသွန်းဖလား များဖြင့် လာရောက်သွန်းလောင်းကြသည်။ ရပ်ကွက်အလိုက် အဆိုအတီးအကအဖွဲ့များဖြင့် လှည့်လည်ကြရာ ထိုနေ့မှာ တစ်မြို့လုံး အိုးစည်၊ ဒိုးပတ်၊ အော်ဂင်သံလွှမ်းသည့် နေ့ဖြစ်နေပေသည်။

ပလိပ်ညောင်ရေသွန်းလောင်းပွဲ၏ ထူးခြားမှုက မဟာဗောဓိညောင်ဝိုင်းအတွင်းမှာ ပြုလုပ်ထားသည့် ဝင်္ကပါလမ်းအတိုင်း သွားရောက်သွန်းလောင်းကြရခြင်းပင်။

ပလိပ်မြို့လယ်မဏ္ဍပ်ရှေ့မှာ ခင်းကျင်းပြသထားသည့် ကထိန်လှူဖွယ်ပစ္စည်းများ။

ပလိပ်မြို့မှာ ဘာသာရေးဆိုင်ရာပွဲတော်များထဲက ထူးခြားသည့် နောက်ထပ်ပွဲတစ်ပွဲ ရှိသေးသည်။ ဒီပွဲက စစ်ကိုင်းတောင်ရိုး ပိတောက်ချောင်မှာ သွားရောက်လှူဒါန်း သည့် ပလိပ်ကထိန်အလှူပွဲပင်။ စစ်ကိုင်းမြို့နှင့် မြစ်ကူး ချောင်းခြား ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ ပလိပ်မြို့က ပိတောက်ချောင်မှာ နှစ်စဉ်ကထိန်ခင်းကျင်းလှူဒါန်းလာခဲ့တာ အခု၂၀၂၀ ပြည့်နှစ်မှာ ၂၅၇ နှစ် ရှိပြီ။ နှစ်စဉ် စစ်ကိုင်း တောင်ရိုး၏ အဦးအစ ကထိန်အဖြစ်ခင်းကျင်းလှူဒါန်းခွင့် ရခြင်းကပင် စစ်ကိုင်းဆိုင်ရာသမိုင်းတစ်ခုအဖြစ် ပိတောက် ချောင် ပလိပ်ကထိန်က မှတ်တမ်းဝင်နေပေပြီ။

ဝါလကင်းလွတ် သီတင်းကျွတ်ပြီဆိုသည်နှင့် မြန်မာ နိုင်ငံမှာ ကထိန်လရာသီ ရောက်ပါပြီ။ ကထိန်ခင်းကျင်း လှူဒါန်းရသည့်ကာလက သီတင်းကျွတ်လပြည့်ကျော် ၁ ရက် မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ဖြစ်ပါ၏။ ဒီတစ်လအတွင်းမှာ ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်သော ရက်များအဖြစ် ဂေါတမမြတ်ဘုရားရှင်က ခွင့်ပြုတော်မူထားခဲ့သည်။

ကထိန်ခင်းကျင်းလှူဒါန်းမှုမှာ မြတ်သောအလှူဒါန တစ်ခုဖြစ်သဖြင့် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းကားရာ မြန်မာနိုင်ငံမှာ မြို့ရောတောပါ ကထိန်ခင်းလှူဒါန်းပွဲတွေ ရှိသည်။ ဒီအထဲမှာ ပလိပ်ကထိန်က ထေရဝါဒသာသနာမှာ သက်တမ်းရှည်ဖြစ်နေပါပြီ။ စစ်ကိုင်းတောင်ရိုး မူလချောင် ကြီး(၉)ချောင်စာရင်းဝင် ပိတောက်ချောင်မှာ ပလိပ်မြို့သူ မြို့သားတွေ ဘာကြောင့် ‘ပိတောက်ချောင်က ပလိပ်ကထိန်’ အမည်တွင်အောင် လာရောက်ခင်းကျင်းလှူဒါန်းကြတာလဲ။ မေးစရာရှိလာသည်။

ပိတောက်ချောင်ဂိုဏ်းဝင်ကျောင်းတိုက်၂၆တိုက်အတွက် ကထိန်အလှူပစ္စည်းများ။

‘ဘာကြောင့် ပိတောက်ချောင်ကထိန်လို့ ခေါ်တွင် ရသလဲဆိုရင် စစ်ကိုင်းတောင်ရိုး၊ပိတောက်ချောင်(ကျောင်း တိုက်)မှာ ပလိပ်မြို့သူမြို့သားတွေ စုပေါင်းကထိန် စတင် ဆင်ယင်ကျင်းပခွင့်ရလို့ ခေါ်တာပါ။ ထူးခြားတဲ့အချက်က ဒီချောင်မှာ ဘယ်သူမှ ကထိန်ခင်းကျင်း လှူဒါန်းခွင့်မရပါဘူး။ နှစ်စဉ် ပလိပ်မြို့သူ၊ မြို့သားများသာ လာရောက်ခင်းကျင်း ခွင့်ရထားလို့ပါ’ဟု ပလိပ်မြို့မှ ကဗျာဆရာမောင်ရဲနွေက ပြောသည်။

စစ်ကိုင်းတောင်က တောင်အစချောင်ကဖြစ်သည်။စစ်ကိုင်းတောင်သာသနာကို မူလချောင်မကြီးများဖြစ် သည့် ပိတောက်ချောင်၊ ပဘာချောင်၊ ရွှေဝါချောင်၊ယုံ ဖြူချောင်၊ ဗောဓိချောင်၊ အနုရုဒ္ဓါချောင်၊ ပရက္ကမချောင်၊ ဥပါလိချောင်။ ကောဏ္ဍာညချောင်တို့ဖြင့် စခဲ့သည်။

ပိတောက်ချောင်မှာ ပလိပ်ကထိန်စတင် လှူဒါန်း တာက မြန်မာသက္ကရာဇ် ၁၁၂၅ ခုနှစ်(ခရစ်နှစ် ၁၇၆၃ ခုနှစ်၊ သာသနာနှစ် ၂၃၀၁)မှာ။ ထိုအချိန်က အင်းဝရွှေ မြို့တော်မှာ ဒုတိယစစ်ကိုင်းမြို့တည် နောင်တော်ကြီးမင်း(သီရိပ၀ရ မဟာဓမ္မာစရိယဘွဲ့ခံမင်း)စိုးစံချိန် ဖြစ်သည်။ ပလိပ်သူ၊ ပလိပ်သားများ စုပေါင်းခင်းကျင်းလှူဒါန်းသည့် ပထမဆုံးအကြိမ် ကထိန်က နောင်တော်ကြီးမင်း လက်ထက်မှာ။ ကထိန်ခင်းရက်က သီတင်းကျွတ်လပြည့်ကျော် ၁ရက်။

ပလိပ်ကထိန်တော်မှ ၁၃ ပါးမြောက် လက်ရှိကျောင်းတိုက်ဆရာတော် ဦးပဒုမ။

၁၁၂၅ ခုနှစ်ပထမဆုံးအကြိမ် ကထိန်လရာသီအဦး အစ စစ်ကိုင်းတောင်ပိတောက်ချောင်မှာခင်းကျင်းလှူဒါန်း ခြင်းဖြစ်၍ ပလိပ်ကထိန်ကို ‘ဥဩကျီးမြည် ကထိန်တည်’ဆိုသည့်လင်္ကာဖြင့် မှတ်သားထားကြသည်။ နှစ်စဉ် ပိတောက်ချောင်မှာ ပလိပ်မြို့သူမြို့သားများ စုပေါင်းကထိန် ခင်းကျင်းလှူဒါန်းလာကြရာမှ ၁၁၅၀ခုနှစ် (၂၆) ကြိမ်မြောက် ပလိပ်ကထိန်ကို ခင်းခွင့်မပြု တားမြစ် ခံရသည်။

ဖြစ်ရပုံက ၁၁၅၀ခုနှစ်(ခရစ်နှစ် ၁၇၈၈)မှာ အမရပူရ ထီးနန်းစိုးစံတော်မူသည့် ဘိုးတော်ဘုရား၏ မိဖုရားကြီးက အမိန့်တစ်ခု ထုတ်ပြန်သတဲ့။ အမိန့်က စစ်ကိုင်းတောင်ရိုး ပိတောက်ချောင်မှာ ငါတို့မှလွဲရင် ဘယ်သူမှ ကထိန်မခင်းရ ဆိုသည့်အမိန့်ပင်။ မိဖုရားကြီးအမိန့်ထုတ်ပြန်သည့်အကြောင်း ပလိပ်သူ၊ ပလိပ်သားတွေ ကြားသိရာ နှစ်စဉ် ခင်းကျင်းလှူဒါန်းလာသည့် ပိတောက်ချောင် ပလိပ်ကထိန် ဖြစ်၍ ဘယ်မှာလွယ်လွယ်နှင့် လက်လျှော့နိုင်ကြပါ့မလဲ။ မိဖုရားကြီး၏အမိန့်ကို ကြောက်ရွံ့ခြင်းမရှိကြဘဲ ဘုရင့် နန်းတော်လွှတ်တော်ကို တိုင်တန်းကြလေတော့သည်။

သို့သော် မင်းမိဖုရားကြီးအမိန့်ဆိုတော့ လွှတ်တော် က မဆုံးဖြတ်ဝံ့။ တစ်ဖက်က ဘုရင့်မိဖုရား။ တစ်ဖက်က နှစ်စဉ်ခင်းခဲ့လာခဲ့သည့် ပလိပ်သူ၊ ပလိပ်သားများ၏ စုပေါင်း ကထိန်အလှူရှင်များ။ အဆိုပါဖြစ်စဉ်ကို ပိတောက်ချောင် ဂိုဏ်းချုပ်ဆရာတော် ဝိနည်းဓိုရ်ဆရာတော် ဦးပိုး(ထိုစဉ်က ဆရာတော်ကြီးမှာ အရှင်ဇာဂရ နောင်တွင် ဝိသုဒ္ဓါစာရ အရိယဝံသ မဟာဓမ္မရာဇာဓိပတိ ရာဇဂုရုတံဆိပ်တော်ရ ဆရာတော်)ကို လွှတ်တော်သို့ ပင့်ကာ ဆုံးဖြတ်စေခဲ့သည်။ ဆရာတော်ကြီးက ပိတောက်ချောင် တတိယမြောက်ဆရာ တော်ဖြစ်သည်။ ဘုရားရှင် သတ်မှတ်ထားခဲ့သည့် ကထိန်ခင်း ခွင့် ဝိနည်းများဖြင့် မှန်ကန်သည့်ဘက်မှရပ်တည်၍ နှစ်စဉ် ကထိန်ရယူထားသော ပလိပ်ကထိန်ကိုသာ ခင်းခွင့်အမှန် ဆုံးဖြတ်ပေးလိုက်သည်။

“ဘိုးတော်ဘုရားက ကထိန်နှင့်ပတ်သက်သည့် အမိန့်တော်တစ်ရပ် ထုတ်ပြန်ပေးရသည်။ ပိတောက်ချောင်မှာ ပလိပ်သူ၊ ပလိပ်သားများ စုပေါင်းကထိန်ကလွဲ၍ မည်သူမျှ ကထိန်မခင်းရ၊ စစ်ကိုင်းတောင်မှာ ကထိန်ခင်းမည်ဆိုပါက ပလိပ်သူ၊ ပလိပ်သားများ၏ ပိတောက်ချောင် ကထိန်ခင်းပြီးမှသာ ခင်းကျင်းရမည်ပါတည်း။”

သို့အတွက် ဘိုးတော်ဘုရားက ကထိန်နှင့်ပတ်သက်သည့် အမိန့်တော်တစ်ရပ်ထုတ်ပြန်ပေးရသည်။ ပိတောက်ချောင်မှာ ပလိပ်သူ၊ ပလိပ်သားများ စုပေါင်းကထိန်ကလွဲ၍ မည်သူမျှ ကထိန်မခင်းရ၊ စစ်ကိုင်းတောင်မှာ ကထိန်ခင်းမည် ဆိုပါက ပလိပ်သူ၊ ပလိပ်သားများ၏ ပိတောက်ချောင် ကထိန်ခင်းပြီးမှသာ ခင်းကျင်းရမည်ပါတည်း။

ဖော်ပြပါဖြစ်စဉ်များကြောင့် ပိတောက်ချောင်က ပလိပ်ကထိန်အလှူတော်မှာ ယနေ့အထိ ထူးထူးခြားခြား ဦးဦးဖျားဖျား ခင်းကျင်းလှူဒါန်းခွင့်ရနေဆဲဖြစ်သည်။

ပလိပ်ကထိန်က စုပေါင်းဘုံကထိန်ဖြစ်၍ ကထိန် ကော်မတီမှာ ရပ်ကွက်(၁၉ )ရပ်ကွက်က တစ်ရပ်ကွက် တစ်ယောက်စီ ပါရသည်။ ကထိန်ခင်းတော့မည်ဆိုတော့ သီတင်းကျွတ်လဆန်း ၁ ရက်နေ့မှ စတင်၍ရပ်ကွက်အလိုက် ကထိန်ကော်မတီဝင်များ ဝါယမစိုက်ကြရပြီ။ ကထိန်အတွက် ရပ်ကွက်အတွင်း အလှူငွေနှင့်လှူဒါန်းမည့်ပစ္စည်းများ အလှူခံထွက်ရသည်။ကထိန်ခင်းဖို့ အလှူခံတာက နှစ်စဉ်ဖြစ်သည်။ ရရှိသည့်အလှူပစ္စည်းများနှင့် အလှူခံရငွေဖြင့် ဝယ်ယူထား သည့်ပစ္စည်းများကို သီတင်းကျွတ်လဆန်း ၁၂ ရက်နေ့မှာ အလှူရှင်များကြည်ညိုနိုင်ရန် ရပ်ကွက်အလိုက်သင့်ရာနေရာ မှာ ပဒေသာပင်သီး ခင်းကျင်းပြသထားရသည်။

သီတင်းကျွတ်လဆန်း ၁၃ရက်မှာ ရပ်ကွက်အ တွင်း ခင်းကျင်းပြသထားသည့် ကထိန်လှူဖွယ်ပစ္စည်းများကို ပလိပ်ကထိန်မြို့လယ်မဏ္ဍပ်သို့ ပို့ဆောင်ရသည်။ ထိုနေ့မှာ ပလိပ်ကထိန်မြို့လယ်မဏ္ဍပ်ကြီးရှေ့၌ ကထိန်ဉတ်မကြီးနှင့် အတူ လှူဖွယ်ပဒေသာပင်များပြသထားပြီး ကထိန်ဧည့်ခံပွဲ ညတရားပွဲတစ်ညတာ ပြုလုပ်သည်။ သီတင်းကျွတ် လဆန်း ၁၄ ရက်နေ့မှာ ကထိန်ပစ္စည်းများ ရေစက်ချလှူဒါန်းမည့် စစ်ကိုင်းတောင် အရောက်သွားကြရပြီ။

ပလိပ်ကထိန် နှစ် ၂၀၀ ပြည့်က ကထိန်အကျိုးတော်ဆောင်များ။

‘ကထိန်ခင်းမယ့် စစ်ကိုင်းတောင်ကို ဟိုရှေးတုန်းက မြစ်ကြောင်းအတိုင်း လှေ၊ သမ္ဗန်တွေနဲ့ သွားကြရတာ။ စစ်ကိုင်းတောင်ရိုး ပိတောက်ချောင်သွားဖို့ဆိုတာ ရှေးက လွယ်တာမဟုတ်ဖူးရယ်။ ကားခေတ်မဟုတ်တော့ ရေတစ် တန်ကုန်းတစ်တန်သွားကြရတာ။ ဒုဋ္ဌ၀တီကနေ တစ်ဆင့် ငှက်လှေ ခြောက်စင်း၊ ခုနစ်စင်းနဲ့ ဧရာဝတီကို ဆန်တက်၊ စစ်ကိုင်းတောင်ခြေ ရှင်ဖြူရှင်လှဆိပ်ကမ်းမှာ တစ်ထောက် တစ်ညအိပ်နားကြပြီးမှ ပိတောက်ချောင်တက်ကထိန်အလှူ ပွဲကျင်းပကြတာ။ ငှက်လှေနဲ့သွားတဲ့နှစ်မှာ ငှက်လှေနစ်လို့ ကျွန်တော်တို့အသင်းက ဦးအောင်ညွန့်ဆိုရင် မျက်စိကွယ် သွားရှာတယ်။ ၁၈၃ ကြိမ်မြောက် ကထိန်ခင်းတဲ့ ၁၃၀၈ (၁၉၄၆)ခုကျတော့ လှေတွေနဲ့ သွားရတာ အန္တရာယ်များလို့ ငှက်လှေတွေနဲ့ မသွားတော့ဘဲ မော်တော်နဲ့သွားကြတယ်။ မော် တော်နဲ့သွားတဲ့ကာလတွေမှာ လူအများကြီးဆိုတော့ အင်မတန် ပျော်စရာကောင်းသလို ကြည်နူးစရာလည်း ကောင်းလှတယ်’ဟု လက်ရှိ ပလိပ်ကထိန်တော်အသင်း ဥက္ကဋ္ဌ ဦးအောင်ရင်က ပြောသည်။

ပလိပ်ကထိန်အဖွဲ့တော်သားများဧရာဝတီ ရေလမ်းခရီးအတိုင်းလာသည့်ရက်က သီတင်းကျွတ်လဆန်း ၁၄ ရက် အဖိတ်နေ့။ စစ်ကိုင်းတောင်ခြေရောက်တော့ ပလိပ်ချောင်အထိ ခြေကျင်တက်ကြရမှာမို့ တောင်ပေါ်မတက်ကြသေး။ တောင်ခြေရှိရှင်ဖြူရှင်ဆိပ်နှင့် တောင်ပေါ်လမ်းခုလတ်ရှိ ဆိုင်ရာဆိုင်ရာ ဘုန်းတော်ကြီးကျောင်းများမှာ တစ်ညတာ တည်းခိုကြသည်။

လပြည့်နေ့မနက်ခင်းပိုင်းမှာ ရှင်ဖြူရှင်လှဘုရား ခြေရင်းရှိ ပံ့သကူချောင်မှာ ပိတောက်ချောင်ဂိုဏ်းဝင်ကျောင်းတိုက် သံဃာတော်များကို စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူကြသည်။

ပြီးတာနှင့် တောင်ရိုးပေါ်ရှိ ပိတောက်ချောင်ကို တပျော်တပါး ခြေကျင်တက်ကြရပြီ။ ပိတောက်ချောင်ရောက် တော့ ပိတောက်ချောင်ဂိုဏ်းဝင် ကျောင်းပေါင်း ၂၆ ကျောင်း အတွက်လှူဒါန်းမည့်ပစ္စည်းများ စနစ်တကျနေရာချထား သည်။ ပြီးသည်နှင့် ပလိပ်သူပလိပ်သားများ ပိတောက်ချောင် မှ ထွက်ခွာကြကာ တောင်ပေါ်တောမှာ တောသဇင်ပန်းတွေ လိုက်လံခူးကြသည်။ပန်းခူးအပြီး ပိတောက်ချောင်ပြန်ရောက် လို့လူစုံချိန်မှာ ချောင်တစ်ခုလုံး တောင်သဇင်တောပန်းရနံ့ တွေ ထုံမွမ်းနေပြီ။

ပိတောက်ချောင်ရောက် ပလိပ်သူများ။

သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှာ ပလိပ် ကထိန်အဖွဲ့တော်သားများ ကထိန်အလှူတော်စပြီ။ပိတောက်ချောင်ဆရာတော်အား ကထိန်လျာ သင်္ကန်းကြီး ကပ်လှူ၍ ညှပ်မကြီးပစ္စည်းများ၊ ပိတောက်ချောင်ဂိုဏ်းဝင် ကျောင်းတိုက် ၂၆ တိုက်မှ ဆရာတော်အား သင်္ကန်းနှင့် ကထိန် ဉတ်ရန်ပစ္စည်းများလှူဒါန်းကြသည်။ ကောင်းမှု အစုစုအတွက် ကထိန်အလှူတော် အနုမောဒနာတရား နာကြားကြကာ ရေစက်သွန်းချ အမျှပေးဝေသည်။ သံဃာ တော်များကို ဆွမ်းဆက်ကပ်လှူဒါန်းပြီးပါက ပလိပ်ကထိန် အလှူ တော် အောင်မြင်စွာပြီးစီးပြီ။

‘ဘယ်ကဲ့သို့သော ခေတ်ပျက် ခေတ်ဆိုးတွေဖြစ်ပါ စေ အခက်အခဲတွေ ကျော်ဖြတ်ပြီး ဆောင်ရွက်ကြတယ်။ပထမ၊ ဒုတိယ၊ တတိယ အင်္ဂလိပ်ကျူးကျော်စစ်တွေ၊ ပထမ၊ ဒုတိယကမ္ဘာစစ်တွေနဲ့ ကြုံခဲ့ပေမယ့်လည်း လှူဖွယ်ဝတ္ထု ပစ္စည်းတွေကို ဝှက်ကွယ်ယူဆောင်ပြီးလှူဒါန်းခဲ့ကြတယ်။ ရှစ်လေးလုံးကာလအလွန်မှာတောင် မပျက်တာ။ တစ်နှစ်မှ ကထိန်ပျက်တာ မရှိပါဘူး’ဟု ဥက္ကဋ္ဌ ဦးအောင်ရင်က ပြော သည်။

သက်တမ်းရှည်လှသည့် ပိတောက်ချောင်ပလိပ် ကထိန် စတင်ခင်းကျင်းလှူဒါန်းသည့်ဆရာတော်က ပထမ ငါးကျမ်းဆရာတော်(နောင်တော်ကြီး၊ အင်းဝဆင်ဖြူရှင်မင်း၊ သားတော်စဥ့်ကူးမင်းလက်ထက်)မှာ။ နောက်ပိုင်းအစဉ် အဆက် ဆရာတော်တွေက အရှင်စန္ဒာလင်္ကာရ၊ ဝိနည်းဓိုရ် ဆရာတော် ဦးပိုး၊ ဆရာတော် ဦးဖြိုး၊ ဆရာတော် ဦးနာရဒ၊ ဆရာတော် ဦးဂန္ဓမာလာ၊ ဆရာတော် ဦးသုမန၊ ဆရာတော် ဦးကေလာ၊ ဆရာတော် ဦးပညာဇောတ၊ မောင်းထောင် ဆရာတော်(ခေါ်)ဆရာတော်ဦးတိဿအထိ (၁၀)ပါးရှိ ကြောင်း စစ်ကိုင်းတောင်ရိုး အနုရုဒ္ဓါချောင် ဆရာတော် ဦးသောဘိတ(သမိုင်းသုတေသီ၊စာရေး ဆရာ ရွှေကိုင်းသား)က ပလိပ်မဟာကထိန်တော်နှင့်ပတ် သက်သည့်ဆောင်းပါး ထဲမှာ မှတ်တမ်းတင်ရေးသားထားခဲ့သည်။

‘ကျုပ်သိမှီလိုက်တာက ကျုပ်ပါနဲ့ဆိုရင် ဆရာတော် သုံးဆက်ပါ။ ကျုပ်အရင်ဆရာတော်တွေက ဆရာတော် ဦးဝိစာရနဲ့ ဦးစန္ဒိမာတို့ပါ။ ကျုပ် ဒီကျောင်းမှာ သီတင်းသုံး တာ ၂၆ နှစ် ရှိပါပြီ’ဟု လက်ရှိကျောင်းတိုက်ဆရာတော် ဦးပဒုမက မြွက်ကြားသည်။

ပလိပ်မြို့ ကထိန်အကျိုးတော်ဆောင်အဖွဲ့။

ရရှိလိုက်သည့် မှတ်တမ်းအရ စစ်ကိုင်းတောင်ရိုး ပိတောက်ချောင်မှာ ပလိပ်ကထိန်ခင်းသည့် ကျောင်းတိုက် ဆရာတော် ၁၃ ပါး ရှိခဲ့ပါပြီ။

ခေတ်အဆက်ဆက်က ရှေးလူကြီးသူမတွေ သယ်ဆောင်လာသည့် ပိတောက်ချောင်က ပလိပ်သူ၊ ပလိပ်သားများ၏ စုပေါင်းဘုံမဟာကထိန်မှာသာသနာတည်သရွေ့ အလှူရေစက်လက်နှင့်မကွာ ခင်းကျင်းလှူကြပေလိမ့်မည်။

စစ်ကိုင်းတောင်မှာ ပလိပ်သူ၊ ပလိပ်သားများသာ ခင်းကျင်းလှူဒါန်းခွင့်ရသည့် ပလိပ်ကထိန်။ စစ်ကိုင်းတောင်မှာ ပိတောက်ချောင်ကထိန်ပြီးမှ အခြားကထိန်များခင်းကျင်း လှူဒါန်းခွင့်ရသည့် ပလိပ်ကထိန်။ စစ်ကိုင်းနှင့် မြစ်ကူးချောင်း ခြား ဧရာဝတီတစ်ဖက်ကမ်းက နှစ်စဉ်လာရောက်ခင်းကျင်း လှူဒါန်းသည့် ပလိပ်ကထိန်။ စစ်ကိုင်းသမိုင်းထဲမှာ မှတ်တမ်းဝင်သည့် ပလိပ်ကထိန်။ ဒီကထိန်အလှူတော်မှာ ပလိပ်တစ်မြို့လုံးက လာရောက်ကြရသည့်အပြင် အဝေးရောက်ပလိပ်သူ၊ ပလိပ်သားများပါ လာရောက်ပါဝင်ဆင်နွှဲသဖြင့် ပုလိပ်သူ၊ ပလိပ်သားများ ဆုံဆည်းရာကထိန်လည်း ဖြစ်ပါသည်။

ဒီနှစ် ကိုဗစ်(၁၉)ကူးစက်ရောဂါဖြစ်ပွားနေချိန်မှာ ယခင်နှစ်များကလို ပလိပ်မြို့လယ်မဏ္ဍပ်မှာ ကထိန်အလှူ ပစ္စည်းများခင်းကျင်းပြသခြင်း မပြုလုပ်နိုင်တော့ပါ။ သို့သော် ပိတောက်ချောင် ပလိပ်ကထိန်ကိုတော့ အစဉ်အလာမပျက် လာရောက်လှူဒါန်းကြပါလိမ့်ဦးမည်။

ရေးသူ – အောင်မြင့်မြင့်

စံတော်ချိန်ဗိုက်ဗာ – https://tinyurl.com/y5vtkrh7
စံတော်ချိန်ယူကျု့-https://www.youtube.com/c/TheStandardTimeTVFreeToAir