အစိုးရအဖွဲ့အား အမျိုးသားညီညွတ်ရေးအစိုးရအချက်အပေါ် မူတည်ဖွဲ့စည်းသွားမည်ဟုဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ အစိုးရသစ်ဖွဲ့စည်းရာတွင် အမျိုးသားညီညွတ်ရေးအစိုးရဆိုသည့်အချက်အပေါ် မူတည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း NLD ဗဟိုကော်မတီဝင် ဒေါက်တာမျိုးညွန့်က စံတော်ချိန်သို့ပြောသည်။

“အစိုးရဖွဲ့မယ့် ပုံစံကတော့ သမ္မတရုံးကပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးရဲ့ အမျိုးသားညီညွတ်ရေးအစိုးရဆိုတဲ့ဘောင်စဉ်းစားချက်အပေါ်မှာ မူတည်ပြီးတော့ ဖွဲ့စည်းမှာပေါ့ခင်ဗျ။ ကျွန်တော်တို့ ဒုဥက္ကဋ္ဌ ဖြစ်တဲ့ ဆရာဇော်မြင့်မောင်ကလည်း ကျွန်တော်တို့အရည်အချင်းရှိတဲ့လူတွေ ထက်မြတ်တဲ့လူတွေနဲ့ နောက်ပြီးတော့ နိုင်ငံရေးအတွေ့အကြုံကြွယ်ဝတဲ့သူတွေ ထည့်သွင်းဖွဲ့စည်းမယ်လို့ မူအားဖြင့်ပြောထားပါတယ်”ဟု ၎င်းကပြောသည်။

NLD ပါတီအနေဖြင့် အနာဂတ်ပြည်ထောင်စုအရေးအတွက် တိုင်းရင်းသားပါတီ ၆၀ ကျော်ကို ပါဝင်ရန်ဖိတ်ခေါ်ထားပြီး ပါတီဦးတည်ချက် ၃ ရပ်ဖြစ်သည့် ပြည်သူတို့၏ဆန္ဒနှင့်ကိုက်ညီ၍ အခြေခံလူ့အခွင့်အရေးများကို အာမခံမည့် စစ်မှန်သည့် ဒီမိုကရေစီအစိုးရဖြစ်ပေါ်လာစေရန်၊ နောင်ခေတ်အဆက်ဆက်၌လည်း မြန်မာနိုင်ငံသည် ပြည်သူလူထုဆန္ဒနှင့်အညီ ဒီမိုကရေစီနိုင်ငံရေးစနစ် ထွန်းကား တည်တန့်ခိုင်မြဲသော ပြည်ထောင်စုကြီးအဖြစ် တည်ထွန်းစေရေးအတွက် အုတ်မြစ်ချရန် ၊ အာဏာရှင်ဆန်၍ ပြည်သူလူထုကို ဖိစီးနှိပ်စက်မည့် နိုင်ငံရေးစနစ်မျိုး ပြန်လည်ထွန်းကားခြင်း မရှိစေရေး စသည့် ရွေးကောက်ပွဲကြေငြာစာတမ်းအတိုင်း ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့က အစိုးရအဖွဲ့ထဲကို ထည့်သွင်းဖွဲ့စည်းမယ်လို့ရည်ရွယ်တာထက် အနာဂတ်ပြည်ထောင်စုသစ်အရေးအတွက် ပုံဖော်ဆွေးနွေးဖို့ ကျွန်တော်တို့ အဓိကရည်ရွယ်ပြီး ဖော်ဆောင်လိုက်တာပါခင်ဗျ။ ဒါပေမယ့် တိုင်းရင်းသားပါတီတွေကတော့ တင်ပြလာရင် ကျွန်တော်တို့ အဓိကစဉ်းစားမှာကတော့ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်သို့မဟုတ် ပြည်ထောင်စုရဲ့ဆိုင်ရာတာဝန်အတွက် အကောင်းဆုံး ဆောင်ရွက်နိုင်မယ့် လူကို ကျွန်တော်တို့ကတော့ ဦးစားပေး ရွေးချယ်ရမှာပါ။ ကျွန်တော်တို့ပါတီရဲ့မူအတိုင်းဆိုရင်တော့ ဒီလိုအရည်အချင်း တူပြီဆိုရင်တော့ တိုင်းရင်းသားကို ဦးစားပေးရမှာဖြစ်ပါတယ်”ဟု ဒေါက်တာမျိုးညွန့်ကပြောသည်။

အစိုးရအဖွဲ့သစ်အတွက် ပါဝင်နိုင်ခြေရှိသည့်သူများ၏အမည်များကိုမူ လက်ရှိ အချိန်တွင် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။

သတင်း – နေမင်းကျော်/စံတော်ချိန်
ဓာတ်ပုံ – စံတော်ချိန်