ဂါဇာဒေသတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အလွန်မြင့်တက်လာလို့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ပြိုလဲမှာကို စိုးရိမ်ရ

ဂါဇာကမ်းမြှောင်ဒေသအတွင်း လူနေထူထပ်လွန်းတဲ့ ဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်လာတာကြောင့် ကျန်းမာရေးစနစ်ပြိုလဲမှာကို စိုးရိမ်လာရတဲ့အထိ ဖြစ်လာနေတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက တနင်္လာနေ့မှာ သတိပေးလိုက်ပါတယ်။

ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြံပေးအရာရှိ ဒေါက်တာ ဖာတီအဘူဝါဒါက ဂါဇာဒေသမှာနေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ရာချီ ရှိနေတာကြောင့် ကုသစရာနေရာမရှိတော့ဘူးလို့ အယ်လ်ဂျာဇီးယားသတင်းဌာနကိုပြောပါတယ်။

“ဒီပုံစံအတိုင်းဆက်သွားရင် ကပ်ဘေးသင့်တဲ့အဆင့်ကို ရောက်ပါတော့မယ်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်လည်း ပြိုကျသွားဖို့ရှိပါတယ်။ အကောင်းဆုံးဖြေရှင်းနည်းကတော့ ၁၄ ရက်လောက်အထိ လုံးဝလော့ဒ်ဒေါင်းအပြည့်ချဖို့ပါ”လို့ ပြောပါတယ်။

ကိုးကား – aljazeera
သတင်း – မောင်ဇေယျ