အားကစားပြိုင်ပွဲတွေကို ပရိသတ်အကန့်အသတ်နဲ့ ဝင်ကြည့်ခွင့်ပေးမယ်လို့ ဗြိတိန်အစိုးရ ထုတ်ပြန်

ဗြိတိန်အစိုးရရဲ့ COVID-19 ထိန်းချုပ်ရေးစည်းမျဉ်းတွေအရ ဒီဇင်ဘာ ၂ ရက်ကစလို့ ပရီးမီးယားလိဂ် အပါအဝင် ဗြိတိန်အားကစားပွဲတွေမှာ ပရိသတ်ဦးရေအကန့်အသတ်နဲ့ ဝင်ကြည့်ခွင့်ရတော့မယ်လို့ The Sun သတင်းမှာ ဖော်ပြထားပါတယ်။

COVID-19 ဂယက်ကြောင့် ဗြိတိန်တလွှား အားကစားပြိုင်ပွဲတွေမှာ ပရိသတ်ဝင်ကြည့်ခွင့်မရတာ ၈ လကျော်ကြာ မြင့်ခဲ့ပြီဖြစ်ပါတယ်။

အဲဒီကာလအတွင်း ပရော်ဖက်ရှင်နယ်အားကစားအသင်းတွေဟာ ကွင်းဝင်ကြေးများစွာ နစ်နာခဲ့ပြီး အသင်းအချို့ဆိုရင် ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာပါတယ်။

ဗြိတိန်အစိုးရဟာ ဒီဇင်ဘာလဆန်းကစလို့ အားကစားပြိုင်ပွဲတွေမှာ ပရိသတ်ဝင်ကြည့်ခွင့်ပေးမယ်လို့ ဆိုထားပေမယ့် ဒေသတွင်း COVID-19 ရောဂါဖြစ်ပွားမှုနှုန်းအပေါ် အခြေခံပြီးမှ ဝင်ခွင့်ပေးမှာဖြစ်ပါတယ်။

လတ်တလော ရောဂါဖြစ်ပွားမှုများနေတဲ့ လီဗာပူး၊ မန်ချက်စတာနဲ့ ဘာမင်ဂမ်မြို့တွေရှိရာ အနောက်မြောက်ပိုင်းဒေသက အားကစားကွင်းတွေမှာ ပရိသတ်ဝင်ကြည့်ခွင့်ပေးဦးမှာမဟုတ်ဘဲ ကျန်ဒေသတွေမှာတော့ ပရိသတ် နှစ်ထောင်ကနေ လေးထောင်အထိ အကန့်အသတ်နဲ့ ဝင်ကြည့်ခွင့်ပေးမယ်လို့ သိရပါတယ်။

ကိုးကား – The Sun
သတင်း – မောင်ဇေယျ