NLD ဒုတိယအစိုးရသက်တမ်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးနှင့် သူတို့အမြင်

“စည်းလုံးညီညွတ်ရေးအတွက် တိုင်းရင်းသားတွေလည်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ တတပ်တအား ပါဝင်စေချင်တယ်ဆိုလို့ရှိရင် ဖြိုခွဲရေးတော့မဖြစ်စေနဲ့”
ဦးရဲထွန်း(မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ) သီပေါမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း

၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမကျင်းပမီ နိုဝင်ဘာ ၄ ရက်တွင် သမ္မတအိမ်တော်၌ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံ‌တော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နိုင်ငံတော်အစိုးရအနေနှင့် ၂၀၂၀ အလွန်တွင် အမျိုးသားညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို သိသိသာသာဦးစားပေးလုပ်ဆောင်သွားဖို့ရှိကြောင်း သတင်းမီဒီယာများကိုပြောကြားခဲ့သည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD သည် အစိုးရတစ်ရပ်ဖွဲ့နိုင်သည်အထိ ပြည်သူလွှတ်တော်နှင့် အမျိုးသားလွှတ်တော်နေရာများ၌ ၉၅ ရာခိုင်နှုန်းအထိ အနိုင်ရရှိခဲ့သည်။ ထို့နောက် နိုဝင်ဘာ ၁၂ ရက်တွင် NLD ပါတီက “နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” ခေါင်းစဉ်ဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးတွင် တိုင်းရင်းသားပါတီများ တက်တက်ကြွကြွပါဝင်နိုင်ရန် ဖိတ်ခေါ်ကမ်းလှမ်းမှုများရှိခဲ့သည်။ ထိုသို့ဖိတ်ခေါ် ရာတွင် တိုင်းရင်းသားပါတီ ၆၈ ပါတီအထိရှိခဲ့သည်ဟု ပါတီ၏ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာမျိုးညွှန့်က စံတော်ချိန်သို့ပြောကြားခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဒုတိယအစိုးရသက်တမ်းတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် မည်သို့ဆောင်ရွက်သင့်သည်ကို လက်ရှိအာဏာရပါတီ၏ဗဟိုကော်မတီဝင် ဒေါက်တာမျိုးညွန့်၊ သီပေါမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးရဲထွန်း၊

ယခင်ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ၏ ဒုတိယဥက္ကဌ ဒေါ်ဒွဲဘူ တို့ကိုစံတော်ချိန်က ဆက်သွယ်မေးမြန်းဖော်ပြလိုက်ပါသည်။

◾ ဒေါက်တာမျိုးညွန့်(ဗဟိုကော်မတီဝင်)အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

အစိုးရဖွဲ့မယ့် ပုံစံက သမ္မတရုံးကပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးရဲ့ အမျိုးသားညီညွတ်ရေးအစိုးရဆိုတဲ့ဘောင်စဉ်းစားချက်အပေါ်မှာ မူတည်ပြီးဖွဲ့စည်းမှာပေါ့ခင်ဗျ။ ကျွန်တော်တို့ ဒုဥက္ကဋ္ဌ ဖြစ်တဲ့ ဆရာဇော်မြင့်မောင်ကလည်း ကျွန်တော်တို့အရည်အချင်းရှိတဲ့လူတွေ ထက်မြတ်တဲ့လူတွေနဲ့ နောက်ပြီးတော့ နိုင်ငံရေးအတွေ့အကြုံကြွယ်ဝတဲ့လူတွေ ထည့်သွင်းဖွဲ့စည်းမယ်လို့ မူအားဖြင့် ပြောထားပါတယ်။ ဘယ်သူဘယ်ဝါဆိုတဲ့ အမည်နာမတွေကိုတော့ ပြောလို့ရမှာ မဟုတ်သေးပါဘူး။ ကျွန်တော်တို့ အစိုးရအဖွဲ့ထဲကို ထည့်သွင်းဖွဲ့စည်းမယ်လို့ ရည်ရွယ်တာထက် အနာဂတ်ပြည်ထောင်စုသစ်အရေးအတွက် ပုံဖော်ဆွေးနွေးဖို့ ကျွန်တော်တို့ အဓိကရည်ရွယ်ပြီး ဖော်ဆောင်လိုက်တာပါ။ ဒါပေမယ့် တိုင်းရင်းသားပါတီတွေကတင်ပြလာရင် ကျွန်တော်တို့ အဓိကစဉ်းစားမှာက သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ် သို့မဟုတ် ပြည်ထောင်စုရဲ့ဆိုင်ရာတာဝန်အတွက် အကောင်းဆုံးဆောင်ရွက်နိုင်မယ့် လူကို ကျွန်တော်တို့ ဦးစားပေးရွေးချယ်ရမှာပါ။ ကျွန်တော်တို့ပါတီရဲ့ မူအတိုင်းဆိုရင်တော့ ဒီလိုအရည်အချင်းချင်းတူပြီဆိုရင်တော့ တိုင်းရင်းသားကိုဦးစားပေးရမှာဖြစ်ပါတယ်။

◾ ဦးရဲထွဋ် (ပြန်ကြားရေးဝန်ကြီးဟောင်း)

ပြီးခဲ့တဲ့ ငါးနှစ်အပေါ်အခြေခံပြီးတော့မှ အစိုးရအဖွဲ့ဝန်ကြီးတာဝန်ပေးမယ့် သူကိုရွေးချယ်ဖို့ကောင်းပါတယ်။ ပထမကာလဝန်ကြီးအဖွဲ့ထက် ပိုပြီးတော့ ငယ်ရွယ်တဲ့သူနဲ့ ဖွဲ့ဖို့စဉ်းစားသင့်တာပေါ့။ ပထမဝန်ကြီးတွေက ပျှမ်းမျှသက်တမ်း ၇၀ လောက်ဆိုတော့ အစိုးရအဖွဲ့တစ်ခုအနေနဲ့ဆိုရင် အသက်ကြီးနေတယ်လို့ပြောလို့ရတာပေါ့။ ဦးဇော်ဌေးပြောထားသလိုပဲ အမျိုးသားညီညွတ်ရေးအစိုးရပုံစံမျိုးနဲ့ ကျန်တဲ့ပါတီတွေ အပြင်ကတတ်သိပညာရှင်တွေ ပါထည့်ပြီးဖွဲ့စည်းနိုင်ရင် ပိုပြီးကောင်းပါတယ်။

◾ ဦးရဲထွန်း(မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ)သီပေါမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း

“ကျွန်တော်ပြောချင်တာကတော့ တစ်ခုပါပဲ။ တစ်ကယ်လို့ အဲဒီလိုစည်းလုံးညီညွတ်ရေးအတွက် တိုင်းရင်းသားတွေလည်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ တတပ်တအား ပါဝင်စေချင်တယ်ဆိုလို့ရှိရင် ဖြိုခွဲရေးတော့ မဖြစ်စေနဲ့။ ပြီးခဲ့တဲ့ ၂၀၁၅ တုန်းက အမျိုးသားရင်ကြားစေ့ရေးလို့ပြောပြီး ဦးရွှေမန်းပြောတဲ့ ဦးရွှေမန်းထောက်ခံပေးတဲ့ USDP က ပုဂ္ဂိုလ်တစ်ချို့ကို ခေါင်းခေါက်ရွေးသွားပြီးတဲ့အခါကြတော့ သူတို့ပါတီနဲ့ အဲဒီလူတွေနဲ့သွေးကွဲ၊ နောက်တစ်ခါ ဦးအေးသာအောင်တို့လို တိုင်းရင်းသားပါတီခေါင်းဆောင်တွေကိုခေါ်ပြီး ခန့်လိုက်တဲ့အခါ မိခင်ပါတီနဲ့လည်း သွေးကွဲ ကိုယ်နဲ့လည်းသွေးကွဲတွေဖြစ်ကုန်တယ်။ ဒီတစ်ခေါက်မှာ အဲဒီလိုညီညွတ်ရေးအတွက်သွားချင်တာဆိုရင် သူ့နိုင်ငံရေးပါတီတွေကိုတိုင်ပင်ပြီး သူတို့ဆီကနေပဲ သင့်တော်တဲ့ပုဂ္ဂိုလ်ကို တောင်းပေါ့။ တိုင်းရင်းသားပါတီတွေက လူတွေကို အစိုးရအဖွဲ့မှာ ခန့်ချင်တယ်ဆိုရင် နံပါတ်တစ်က ဆောင်ရွက်နိုင်တဲ့အရည်အချင်း ရှိ၊ မရှိ၊ နံပါတ်နှစ်က သူတို့ပါတီဆီကိုပဲတောင်းခံသင့်တယ်။ သူတို့ဘာသာရွေးလိမ့်မယ်။ ကိုယ့်ဘက်ကလိုချင်တဲ့ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိသူဖြစ်ပါစေ။ နောက်တစ်ခုက အစိုးရအဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ အကောင်အထည်ဖော်တဲ့အခါ ကျွန်တော်တို့အနိုင်ရပါတီရဲ့မူဝါဒတွေရှိတယ်။ အဲဒီမူဝါဒတွေအတိုင်းပဲသွားမှာ။ အဲဒါကိုတော့ နားလည်ပေးပါဆိုတာမျိုးပြောရမှာ။ တကယ်လို့ သူတို့ပါတီကရွေးပေးလိုက်တဲ့ ပုဂ္ဂိုလ်ကို ကိုယ့်ပါတီကမကြိုက်ဘူးဆိုရင်လည်း ကိုယ်ကြိုက်တဲ့လူရှိခဲ့ရင်လည်း သူတို့ကတစ်ဆင့်ပဲပြောသင့်ပါတယ်။ ကိုယ်ကလှမ်းပြီးတော့ တိုက်ရိုက်ရွေးချယ်လိုက်တဲ့အခါမှာ အဲဒီပုဂ္ဂိုလ်နဲ့ သူ့ရဲ့မိခင်ပါတီလည်းကွဲ။ နောက်တစ်ခါ မိခင်ပါတီနဲ့ NLD နဲ့လည်းကွဲနဲ့ ပြိုကွဲရေးက သုံးပွင့်ဆိုင်ဖြစ်သွားနိုင်တယ် အဲဒါမကောင်းဘူးဗျ”

◾ ဒေါ်ဒွဲဘူ (ဒုတိယဥက္ကဌ)ကချင်ပြည်နယ်ပြည်သူ့ပါတီ

ကျွန်မတို့က ဝန်ကြီးချုပ်တွေ ဘာတွေ ဝန်ကြီးတွေနေရာရဖို့ဆိုတာထက် တိုင်းရင်းသားတွေ ဘယ်လိုမျိုး ဖြစ်ချင်တယ်ဆိုတဲ့ အနာဂတ်မှာ ဘယ်လိုစနစ်မျိုးနဲ့သွားမယ်ဆိုတာက ပိုအရေးကြီးတယ်။ အခုက နိုင်တဲ့သူနိုင်တယ် ရှုံးတဲ့သူရှုံးတယ်။ ဒါပေမယ့် ဒီလိုပဲသွားနေရင်တော့ ကျွန်မတို့က ဥပဒေပြုရေးမှာလည်း ပါတာမဟုတ်တဲ့အခါကြတော့ အနာဂတ်ရဲ့ဥပဒေပိုင်းဆိုင်ရာမှာ ဆွေးနွေးခွင့်ရမှာ မဟုတ်ဘူး။ အဲဒီတော့ ဒီနေရာလေးရရုံနဲ့လည်း ဘာမှဖြစ်လာမှာမဟုတ်ဘူး။ နောင်ဆွေးနွေးမယ့်ကဏ္ဍတွေမှပဲ ညှိနှိုင်းဆွေးနွေးမယ်ဆိုတာ။ အဲဒါကိုပဲ ကျွန်မတို့စိတ်ဝင်စားတယ်။ အစိုးရဘယ်လိုဖွဲ့သင့်တယ်ဆိုတာကို အခြေခံဥပဒေအရ အနိုင်ရတဲ့ပါတီပဲအစိုးရဖွဲ့ရမယ်ဆိုတော့ သူတို့ သဘော ထားပဲရှိတယ်လေ။ အခုဦးမျိုးညွန့်ပြောတဲ့အပေါ်မှာလည်းသေချာမှုရှိလား မရှိလား မသိဘဲနဲ့တော့ အဲဒီအပေါ်မှာ ကျွန်မတို့အနေနဲ့ ဘယ်လိုသဘောထားရှိပါတယ်လို့ ထည့်သွင်းပြောဆိုစရာတော့ မရှိပါဘူး။

ဆက်သွယ်မေးမြန်း – နေမင်းကျော်/စံတော်ချိန်