ကျောက်ဆည်ရဲစခန်းမှ အပြစ်ကျ အကျဉ်းသူတစ်ဦးနှင့် ရဲမေတစ်ဦးတို့တွင် COVID-19 ရောဂါပိုးတွေ့

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျောက်ဆည်ရဲစခန်းမှ အပြစ်ကျ အကျဉ်းသူတစ်ဦးနှင့် ရဲမေတစ်ဦးတို့တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း ကျောက်ဆည်မြို့၊ ပြည်သူ့ ဆေးရုံကြီးက ကြေညာထားသည်။

ယမန်နေ့ (နိုဝင်ဘာ ၂၄ ရက်) က အဆိုပါ ကျောက်ဆည်ရဲစခန်းမှ အပြစ်ကျ တရားခံ အမျိုးသမီးအား မန္တလေး၊ အိုးဘိုထောင်သို့ ပို့ဆောင်စဉ် SWAB စစ်ဆေးချက်အရ Positive တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဆေးရုံ Guard ward တွင် ယာယီထားရှိခဲ့ပြီးနောက် ညွှန်ကြားချက်များအရ မင်းစုရဲစခန်းရှိ သီးသန့်အချုပ်ခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းလူနာအမျိုးသမီးအား လိုက်ပါလုံခြုံရေးယူပေးခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦးနှင့် အခြားတရားခံ ၈ ဦးတို့အား RDT test ဖြင့်စစ်ဆေးရာ ရဲမေတစ်ဦးတွင် Positive တွေ့ရှိသဖြင့် ကျောက်ဆည်ဆေးရုံတွင် ကုသထားကြောင်း ကျောက်ဆည် ပြည်သူ့ဆေးရုံက ထုတ်ပြန်ထားသည်။

ထိုသို့ ကျောက်ဆည်ရဲစခန်းတွင် COVID-19 ရောဂါဖြစ်ပွားမှုများ ရှိနေသောကြောင့် အဆောက်အဦတစ်ခုလုံး အား RESCUE KYAUKSE ပရဟိတအဖွဲ့က ပိုးသတ် ဆေးဖြန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း အဆိုပါပရဟိတအဖွဲ့က ဆိုသည်။

လက်ရှိ ကျောက်ဆည်မြို့တွင် ဆေးကုသမှုခံယူဆဲ COVID-19 အတည်ပြုလူနာ (၁၅) ဦး ရှိကြောင်း သိရသည်။

သတင်း – စွမ်းရည်တိုး / စံတော်ချိန်
ဓာတ်ပုံ – Ironpalace FB

ပုံစာ – ကျောက်ဆည်ရဲစခန်းအား ပိုးသတ်ဆေးဖြန်းနေစဉ်