ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ လက်နက်ကိုင်ဆောင်ထားသူ ၃ ဦးအား ဖမ်းဆီး

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ လက်နက်ကိုင်ဆောင်ထားသူ ၃ ဦးအား ဖမ်းဆီးထားပြီး ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယမန်နေ့ (နိုဝင်ဘာလ ၂၄ ရက်) မွန်းလွဲပိုင်းတွင် လူအုပ်စု(၂)စု ဝိုင်းဖွဲ့ခိုက်ရန်ဖြစ်ပွား မည်ဟု သတင်းရရှိသောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက သတင်းရရှိသည့် နေရာတစ်ဝိုက် စောင့်ကြည့်ဆောင်ရွက်နေစဉ် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၆)ရပ်ကွက်၊ ဧရာဝဏ်လမ်းဘေးတွင် မော်တော်ယာဉ် ၁ စီးနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၆၆)ရပ်ကွက်နေသူများဖြစ်သည့် မြရွှေ(၆၁)နှစ်၊ မျိုးကိုကို(၂၈)နှစ်နှင့် ဖြိုးသူအောင်(၂၉)နှစ်တို့ ၃ ဦးအား မသင်္ကာဖွယ်တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့ကို စစ်ဆေးရှာဖွေခဲ့ရာ ဖြိုးသူအောင် လွယ်ထားသော လွယ်အိတ် အတွင်းမှ 9 mm ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၎င်းကျည် ၁၀ တောင့်၊ မျိုးကိုကို လွယ်ထားသော လွယ်အိတ်အတွင်းမှ ပွိုင့် ၂၂ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၎င်းကျည် ၁၂ တောင့်နှင့် ဓားဦးချွန် ၁ ချောင်းတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ ၎င်းတို့ ၃ ဦးသည် လောင်းကစား ပြုလုပ်ကြသူများဖြစ်ပြီး နယ်မြေ ဒေသအသီးသီးသို့ လှည့်လည်၍ လောင်းကစားပြုလုပ်ကြကြောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၂၀)ရပ်ကွက်နေ အမျိုးသားတစ်ဦးမှ ၎င်း၏သားဖြစ်သူ အရိုက်ခံခဲ့ရသဖြင့် လာရောက်ခြိမ်းခြောက် ကြိမ်းမောင်းပြောဆိုခဲ့သည်ကို မကျေနပ် သောကြောင့် ခိုက်ရန်ပြုရန်အတွက် သေနတ်များ သိုဝှက်ယူဆောင်၍ တစ်ဖက်အဖွဲ့အား စောင့်နေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီအမှုဖွင့် အရေးယူ ဆောင်ရွက် ထားပြီး သေနတ်ရရှိမှုအခြေအနေနှင့် ပတ်သက်၍ ကွင်းဆက်တရားခံတစ်ဦးအား ဖမ်းဆီးစိစစ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

COVID-19 ရောဂါကာလအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကာကွယ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ လုံခြုံရေး ထိန်းချုပ် ဆောင်ရွက်နေချိန်တွင် လက်နက်ကိုင်ဆောင် ဥပဒေမဲ့ပြုမူလုပ်ကိုင် နေထိုင်ခြင်းများကို အချိန်မီဖော်ထုတ် ထိန်းသိမ်း၍ ပြည်သူလူထုအတွင်း မလိုလားအပ် သည့်ပြဿနာများ မဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်း အသိပေး ထုတ်ပြန်ထားသည်။

သတင်း – စွမ်းရည်တိုး / စံတော်ချိန်
ဓာတ်ပုံ – ရဲဇာနည်