မူးယစ်ဂိုဏ်းတွေရဲ့လက်ချက်ကြောင့် သေဆုံးခဲ့တယ်လို့ ယူဆရတဲ့ ရုပ်အလောင်းတစ်ရာကျော်ကို မက္ကဆီကိုအာဏာပိုင်တွေ တူးဖော်တွေ့ရှိ

မက္ကဆီကိုအနောက်ပိုင်း ဂျာလစ္စကိုပြည်နယ်မှာ မူးယစ်ဂိုဏ်းတွေရဲ့လက်ချက်ကြောင့် သေဆုံးသွားတယ်လို့ ယူဆရတဲ့ လူအယောက်တစ်ရာကျော် မြှပ်ထားရာနေရာကို ရှာဖွေတွေ့ရှိထားတယ်လို့ မက္ကဆီကိုအာဏာပိုင်တွေက အင်္ဂါနေ့က သတင်းထုတ်ပြန်ပါတယ်။

ဂျာလစ္စကိုပြည်နယ်ဟာ မက္ကဆီကိုနိုင်ငံအတွင်း အရက်စက်ဆုံးနဲ့ အင်အားအကြီးဆုံး မူးယစ်ဂိုဏ်းဖြစ်တဲ့ Jalisco New Generation ရဲ့အခြေစိုက်ရာနေရာဒေသဖြစ်ပါတယ်။

ဒေသခံမီဒီယာတွေရဲ့ဖော်ပြချက်အရ ဂျာလစ္စကိုပြည်နယ်၊ အယ်လ်ဆယ်လ်တိုမြို့နားက သင်္ချိုင်းတစ်ခုကို တူးဖော်ရာမှာ ရုပ်အလောင်းပေါင်းအနည်းဆုံး ၁၁၃ လောင်းကို တူးဖော်တွေ့ရှိပြီး ၎င်းတို့ထဲက အမျိုးသမီး နှစ်ဦးကို သူ့ဆွေမျိုးတွေ အတည်ပြုနိုင်ရာကနေ တခြား ရုပ်အလောင်းတွေကိုပါ ဆက်လက်အတည်ပြုနိုင်ကြောင်း သိရပါတယ်။

မက္ကဆီကိုနိုင်ငံမှာ ၂၀၁၆ ခုနှစ်ကစလို့ နိုင်ငံတစ်ဝှမ်းရှိ လျှို့ဝှက်သင်္ချိုင်း ၄၀၉၂ ခုကနေ ရုပ်အလောင်း ၆၉၀၀ ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။

ကိုးကား – CNN
သတင်း – မောင်ဇေယျ