ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ရောက်ဖို့ ဆက်ကြိုးစားရဦးမယ်လို့ ဆိုလ်ရှား သတိပေး

အင်္ဂါနေ့က အစ္စတန်ဘူလ်ဘာဆက်ဆီဟာနဲ့ ပွဲစဉ်မှာ ၄ ဂိုး၊ ၁ ဂိုးနဲ့ ဂိုးပြတ်နိုင်ပေမယ့် မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားက ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကိုရောက်ဖို့ လက်ကျန် ၂ ပွဲမှာ အမှတ်ရအောင်ကြိုးစားရဦးမယ်လို့ ပြောလိုက်ပါတယ်။

ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ရဲ့ခြေစွမ်းပြမှုနဲ့အတူ အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဂိုးပြတ်နိုင်ပွဲရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ဟာ အုပ်စုလက်ကျန် ၂ ပွဲမှာ ပီအက်စ်ဂျီ၊ ရက်ဘူးလ်လိုက်ပ်ဇစ်တို့နဲ့ ကစားဖို့ ကျန်နေသေးပြီး အနည်းဆုံးနောက်ထပ် ၁ မှတ်ယူနိုင်မှ ရှုံးထွက်အဆင့်ကို ရောက်နိုင်မှာဖြစ်ပါတယ်။

အင်္ဂါနေ့ကပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အတွက် ဘရူနိုဖာနန်ဒက်စ်က ၂ ဂိုး၊ ရက်ရှ်ဖို့ဒ်နဲ့ ဒန်နီရယ်ဂျိမ်းစ်တို့က ၁ ဂိုးစီသွင်းပြီး ဘာဆက်ဆီဟာအသင်းရဲ့ချေပဂိုးတစ်ဂိုးကိုတော့ တူရက်ခ်က သွင်းခဲ့ပါတယ်။

ပွဲအပြီးမှာ ဆိုးလ်ရှားက အခုလိုပြောပါတယ်။ “အုပ်စုအနေအထားက ပြိုင်ဆိုင်မှုအားကာင်းနေတုန်းပါပဲ။ ကျွန်တော်တို့က ၉ မှတ်၊ ကျန်တဲ့ ၂ သင်းက ၆ မှတ်စီနဲ့ ဘာဆက်ဆီဟာက ၃ မှတ်ရထားတာကြောင့် နောက်တစ်ဆင့်တက်ဖို့ ကျွန်တော်တို့ အမှတ်ထပ်ယူနိုင်အောင်ကြိုးစားရဦးမှာပါ”လို့ မန်ချက်စတာယူနိုက်တက်နည်းပြက ပြောသွားကြောင်း ဒေးလီးမေးလ်သတင်းမှာ ဖော်ပြထားပါတယ်။

ကိုးကား – Dailymail.co.uk
သတင်း – မောင်ဇေယျ