ဆာလက်ခ်ျကို ပြန်အသုံးပြုဖွယ်ရှိတယ်လို့ လီဗာပူးနည်းပြ ကလော့ပ် ပြော

လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်က COVID-19 ရောဂါကနေ သက်သာလာတဲ့ တိုက်စစ်မှူး မိုဟာမက်ဆာလက်ခ်ျကို ဒီည ကစားမယ့် အတ္တလန္တာနဲ့ ချန်ပီယံလိဂ်ပွဲမှာ အသုံးပြုဖွယ်ရှိတယ်လို့ အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဆာလက်ခ်ျဟာ နိုဝင်ဘာလ ဒုတိယအပတ်က အီဂျစ်လက်ရွေးစင်အသင်းအတွက် ကစားဖို့ ပြင်ဆင်နေရင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရလို့ ကွာရန်တင်းဝင်ခဲ့ရပေမယ့် သိပ်မကြာခင် နေပြန်ကောင်းသွားလို့ တနင်္ဂနွေနေ့ကစပြီး လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ပါတယ်။

ကလော့ပ်က “ သူ့ပုံစံကြည့်ရတာ တော်တော်အခြေအနေကောင်းပါတယ်။ လေ့ကျင့်ခန်းလည်းဆင်းနေပါပြီ။ ဆေးစစ်ချက်မှာလည်း နက်ဂတစ်ထွက်ပြီဆိုတော့ သူ့ကို သုံးမယ်ဆို သုံးလို့ရပါပြီ။ ကျွန်တော် ဘာလုပ်နိုင်မလဲကို ဆက်လက်စောင့်ကြည့်ရပါမယ်”လို့ ပြောသွားကြောင်း စကိုင်းစပေါ့ပ်သတင်းမှာ ဖော်ပြပါရှိပါတယ်။

ကိုးကား – Skysports.com
သတင်း – မောင်ဇေယျ