COVID-19 ရောဂါသည် ကမ္ဘာပေါ်တွင်ဖြစ်ပွားခဲ့သည့် ကပ်ရောဂါများကဲ့သို့ ရေရှည်တိုက်ရမည့် ရောဂါဖြစ်၊ ကာကွယ်ဆေးပေါ်သည်နှင့် လုံးဝပျောက်ကွယ်သွားမည့် ရောဂါမဟုတ်ဟုဆို

COVID-19 ရောဂါသည် ကမ္ဘာပေါ်တွင်ဖြစ်ပွားခဲ့သည့် ကပ်ရောဂါများကဲ့သို့ ရေရှည်တိုက်ပွဲတစ်ခုဖြစ်ကြောင်း၊ ကာကွယ်ဆေးပေါ်လာသော်လည်း လုံးဝပျောက်ကွယ်သွားမည့် ရောဂါမဟုတ်ကြောင်း ဧရာဝတီတိုင်းကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ယမန်နေ့(နိုဝင်ဘာ ၂၅ ရက်) ညက မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွင့်ပြသသည့် COVID-19 ရောဂါအကြောင်း သိကောင်းစရာ အမေး၊ အဖြေအစီအစဉ်တွင် သတိပေးပြောကြားခဲ့သည်။

မြန်မာပြည်သူအများစုသည် ကာကွယ်ဆေးပေါ်လာသည်နှင့်တစ်ပြိုင်နက် COVID-19 ကမ္ဘာ့ကပ်ရောဂါဆိုးကြီး ပျောက်ကွယ်သွားလိမ့်မည်ဟု ယူဆနေကြပြီး ယင်းသို့ယူဆချက်သည် မှားယွင်းနေကြောင်း၊ ကမ္ဘာပေါ်တွင် ဖြစ်ပွားခဲ့သည့် ကပ်ရောဂါဘေးဆိုးများထဲမှ သာဓကတစ်ခုအနေဖြင့် ၁၉၁၈ ခုနှစ်မှ ၁၉၂၀ အထိ ဖြစ်ပွားခဲ့သော စပိန်တုပ်ကွေး (Spanish Flu) သည် သုံးနှစ်ကျော်ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့လူဦးရေ သန်းလေးဆယ်ကျော် သန်းငါးဆယ်နီးပါး အသက်ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။

“လူတွေက ကိုဗစ်ရောဂါကို သုညအထိ ဖြစ်သွားမယ်လို့ ထင်နေကြတယ်။ တကယ်တော့ ရာဇဝင်ပေါ့ သမိုင်းကို ပြန်ကြည့်ရပါတယ်။ အခုလိုပဲ အသက်ရှုလမ်းကြောင်းကတစ်ဆင့် ကူးတဲ့ရောဂါတွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့ပြည်သူတွေထင်တာသည် ကာကွယ်ဆေးတွေပေါ်လာရင် COVID-19 ဟာ လုံးဝပျောက်သွားမယ်လို့ လူတွေက ၂၀၂၁ ခုနှစ်မှာပဲ အကုန်ပျောက်သွားမယ်လို့ ထင်ကြတယ်။ အဲဒီလိုထင်မှတ်မှားမှာ စိုးလို့ပါ။ စပိန်တုပ်ကွေးမှာဆိုရင် ၁၉၁၈ ခုနှစ်မှာ တစ်ခါ ၁၉၁၉ ခုနှစ်မှာ Second wave လာပါတယ်။ ၁၉၂၀ ခုနှစ်မှာ Third wave ဆိုပြီး လာခဲ့ပါတယ်။ အဲဒီလိုတွေရှိတဲ့အတွက် ကျွန်တော်တို့ COVID-19 နဲ့ပတ်သက်တဲ့ မြန်မာပြည်လူထု၊ ဧရာဝတီတိုင်းကလူထုဖြစ်ပွားမှုရဲ့နှုန်းထားကိုလျှော့ချပြီး အဖြစ်အနည်းဆုံးဖြစ်အောင် လုပ်ရပါမယ်။ နောက်တစ်ခုကတော့ ကိုဗစ် ၁၉ ကြောင့်မို့ ပြည်သူလူထု အနည်းဆုံးထိခိုက်အောင်၊ အနည်းဆုံးသေဆုံးအောင် ဆောင်ရွက်ဖို့လိုပါတယ်။ ရေရှည်တိုက်ပွဲဖြစ်ပါတယ်”ဟု ကူးစက်ရောဂါဗေဒဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းအောင် က ပြောသည်။

၁၉၅၇ ခုနှစ်မှ ၁၉၅၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အာရှတုပ်ကွေး (Asian Flu) နှင့် ၁၉၆၇ ခုနှစ်မှ ၁၉၆၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဟောင်ကောင်တုပ်ကွေး (Hong Kong Flu) တို့တွင် ကမ္ဘာ့လူဦးရေ တစ်သန်းကျော်စီအသက်ဆုံးရှုံးစေခဲ့ပြီး ၂၀ ရာစုအတွင်း ဖြစ်ပွားခဲ့ကြသည့် ကပ်ရောဂါများသည်လည်း အသက်ရှုလမ်းကြောင်းမှ ကူးစက်ခဲ့သော ရောဂါများပင် ဖြစ်သည်ဟု အဆိုပါအမေးအဖြေအစီစဉ်မှ သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယမန်နေ့ (နိုဝင်ဘာ ၂၅ ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ တစ်ကမ္ဘာလုံးတွင် COVID-19 ကူးစက်သူ ၅၉ သန်းကျော်ရှိပြီး စုစုပေါင်းသေဆုံးမှုမှာ ၁ ဒသမ ၄ သန်းကျော်ရှိပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ COVID-19 ကူးစက်ခံရသူ ၈၃၅၆၆ ဦးရှိပြီဖြစ်ပြီး သေဆုံးသူအရေအတွက် ၁၈၁၀ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း – ကြယ်စင်/စံတော်ချိန်