COVID-19 ကာကွယ်ဆေးရရှိနိုင်ရေး အဆိုပြုလွှာ ဒီဇင်ဘာ ၇ ရက် အချိန်မီပေးပို့ရန်ပြင်ဆင်ထားဟု ဒေါက်တာမြင့်ထွေးပြော

COVID-19 ရောဂါကာကွယ်ဆေးရရှိနိုင်ရေးအဆိုပြုလွှာ (application) ကို Gavi, The Vaccine Alliance အဖွဲ့ထံသို့ ယခုနှစ် ဒီဇင်ဘာလ ၇ ရက်အရောက်ပေးပို့နိုင်ရန် ပြင်ဆင်ထားပြီး အချိန်မီပေးပို့မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ယမန်နေ့(နိုဝင်ဘာ ၂၅ ရက်)က ပြုလုပ်သည့် မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေး စီမံချက်အတွက် COVID-19 ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး စီမံခန့်ခွဲမှုကော်မတီ၏ ပထမအကြိမ်အစည်းအဝေးတွင် ဒေါက်တာမြင့်ထွေးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့နိုင်ငံအားလုံးမှ COVID-19 ကာကွယ်ဆေးကို လိုအပ်နေသဖြင့် အပြိုင်အဆိုင်ဝယ်ယူရန်ကြိုးစားလျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတစ်ဝန်းလုံး COVID-19 ကာကွယ်ဆေးထိုးနှံခြင်း လွှမ်းခြုံမှုမှာ ကာကွယ်ဆေးရရှိမှုပမာဏအပေါ်မူတည်၍ ဆောင်ရွက်ရမည်ဖြစ်သဖြင့် လူထုအတွင်း ရောဂါခုခံကာကွယ်နိုင်မှုပမာဏအင်အား (herd immunity) ကို အချိန်တိုအတွင်း ရရှိနိုင်မည်မှာ ခက်ခဲမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

COVID-19 ကာကွယ်ဆေးများ ပိုမိုရရှိထိုးနှံနိုင်ရန် နိုင်ငံတော် ဘဏ္ဍာငွေ၊ Gavi, the vaccine alliance အဖွဲ့မှ ထောက်ပံ့ငွေနှင့် ကမ္ဘာ့ဘဏ်ချေးငွေတို့ကို အသုံးပြုကာ ဝယ်ယူမည်ဖြစ်ပြီး ပုဂ္ဂလိကဆေးရုံများနှင့် ဆေးခန်းများက COVID-19 ကာကွယ်ဆေးများ ထိုးနှံနိုင်ရန် စနစ်တကျလမ်းညွှန်ချက်များ အမြန်ဆုံးချမှတ်၍ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာမြင့်ထွေး၏ပြောကြားချက်အရ သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ လူဦးရေ ၂၀ ရာခိုင်နှုန်း(သို့မဟုတ်) COVID-19 ကာကွယ်ဆေးအား အထူးသက်သာသောနှုန်းထား (သို့မဟုတ်) အခမဲ့ရနိုင်ရေးကို Gavi, The Vaccine Alliance အဖွဲ့အနေဖြင့် COVAX Facility ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အဆိုပါအစည်းအဝေးမှသိရသည်။

ဆက်လက်၍ ပြည်သူလူထုအနေဖြင့် လက်ရှိရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစည်းကမ်းများကို လပေါင်းများစွာ မဖြစ်မနေ ဆက်လက်၍ လုပ်ဆောင်ရမည့်အပြင် အရှိန်အဟုန်ကိုလည်း တိုးမြှင့်၍ ဆောင်ရွက်စေလိုကြောင်း ဒေါက်တာမြင့်ထွေးက တိုက်တွန်းပြောကြားခဲ့သည်။

ယမန်နေ့(နိုဝင်ဘာ ၂၅ရက်) ည ၈ နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၈၃၅၆၆ ဦးရှိနေပြီး သေဆုံးသူ ၁၈၁၀ ဦးနှင့် ပြန်လည်သက်သာ၍ ဆေးရုံဆင်းခွင့်ရသူ ၆၃၃၆၆ ဦးရှိနေပြီဖြစ်သည်။

သတင်း – မိုးသိမ့်နိုင်/စံတော်ချိန်
ဓာတ်ပုံ – MoHS