မော်လမြိုင်၌ COVID-19 ဓာတ်ခွဲစစ်ဆေးမှု ၃ ရက် ရပ်နားမည်၊ အသစ်ရောက်လာသော ဓာတ်ခွဲနမူနာများကို RDT Test Kit များဖြင့် စစ်ဆေးမည်

မော်လမြိုင် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနရှိ စက်များကို ပြုပြင်ရန် COVID-19 ဓာတ်ခွဲနမူနာစစ်ဆေးမှုများကို နိုဝင်ဘာ ၂၈ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ၃ ရက်တိုင် ရပ်နားထားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဒုတိယ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝတ်မှုံက စံတော်ချိန်သို့ ပြောသည်။

“စက်ကို မပြုပြင်တာကြာတော့ စစ်တဲ့အခါ error တက်တက်နေလို့ အစိုးရရုံးပိတ်ရက်နဲ့လည်း တိုက်ဆိုင်နေတော့ ပြန်လည်ပြုပြင်မှုလုပ်ဖို့ ၂၈ ရက်ကနေ ၃၀ ရက်ထိ ပိတ်ပါမယ်” ဟု ဒေါက်တာဝတ်မှုံက ပြောသည်။

ဓာတ်ခွဲနမူနာ စစ်ဆေးမှု ရပ်နားထားချိန်အတွင်း ကျန်ရှိနေသော ဓာတ်ခွဲနမူနာများကို အပြီးသတ်စစ်ဆေးသွားမည်ဖြစ်ပြီး အသစ်ရောက်ရှိလာမည့် ဓာတ်ခွဲနမူနာများကို RDT Test Kit များဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း ဒေါက်တာဝတ်မှုံက ပြောသည်။

မော်လမြိုင် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတွင် တစ်နေ့လျှင် COVID-19 ဓာတ်ခွဲနမူနာပေါင်း ၂၃၀ စစ်ဆေးနိုင်ပြီး ဓာတ်ခွဲစစ်ဆေးရန် ကျန်ရှိနေသော ဓာတ်ခွဲနမူနာပေါင်း ၅ဝဝ ရှိကြောင်း သိရသည်။

ယနေ့ (နိုဝင်ဘာ ၂၆ ရက်) နံနက်ပိုင်းအထိ မွန်ပြည်နယ်တွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၁၃၁၆ ဦးရှိပြီး သေဆုံးသူ ၁၁ ဦးနှင့် ဆေးရုံဆင်းခွင့်ရရှိသူ ၈၇၇ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း – သီတာလွင်/စံတော်ချိန်
ဓာတ်ပုံ – PHL Mawlamyine