သန်လျင်သဘာဝတရားရိပ်သာတွင် COVID-19 ရောဂါ ပိုးတွေလူနာလျော့ကျ

သန်လျင်သဘာဝတရားရိပ်သာတွင် COVID-19 ရောဂါဖြစ်ပွားသူ ဦးရေကျဆင်းလာသည့်အတွက် ထိန်းချုပ်နိုင်ပြီဟုသုံးသပ်၍ရကြောင်း သဘာဝတရားရိပ်သာမှ ကျန်းမာရေး လက်ထောက်ဆရာမ ဒေါ်ဥမ္မာခင်က စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။

” ကူးစက်တဲ့‌သူ ဦးရေကျသွားတယ်။ အရင်က တစ်ခါစစ်ရင် အယောက် ၈၀ ကျော်ထိတွေ့တယ် အခုအယောက် ၂၀ ၀န်းကျင်လောက်ပဲတွေ့တယ်။ ဒါဝမ်းသာစရာသတင်းပါ။ ဒီထက်လျော့အောင် ကျွန်မတို့ ထပ်ပြီးအားစိုက်ရမှာပါ။ ကူးစက်မှုတွေ ဒီလို လျော့ကျသွားအောင် စည်းကမ်းတကျနှင့် လုပ်ဆောင်တဲ့ရလဒ်လို့ပြောလို့ရတယ်” ဟု ဒေါ်ဥမ္မာခင်က ပြောသည်။

ယခင်က အဆောင်တစ်ဆောင်တွင် ဘိုးဘွား အယောက် ၄၀ မှ ၅၀ အထိကူးစက်ခံခဲ့ရပြီး၊ သေဆုံးသူ ၁၀ ဦးအထိရှိခဲ့သည်ဟု သိရသည်။

” ပြီးခဲ့တဲ့ရက်တွေက ကူးစက်သူများတယ်ဆိုတာ ကူးစက်ခံရတဲ့ အဆောင်ကို လော့ဒေါင်းချပြီး အပြင်ပေးမထွက်ဘူး။ အစားအသောက်ပို့ပေးတယ် အဲဒီလိုလုပ်ခဲ့တယ်။ ဒါပေမယ့် အခု ဘယ်လိုပြောင်းလိုက်လဲဆိုတော့ ကူးစက်ခံရသူနဲ့ ထိတွေ့တဲ့သူတွေကို ခွဲထုတ်လိုက်ပြီး သီးသန့်နေရာ လက်ယက်စမ်းရွာမှာထားပြီး စောင့်ကြည့်တယ်။ ပြီးတော့ အခုလက်ရှိ အဆောင်တွေကိုလည်း အပြင်မထွက်ရဘူး။ စားရေးသောက်ရေးအတွက် တာဝန်ယူပေးဖို့ အဆောင်တစ်ဆောင်ကို နှစ်ယောက်နှုန်း အရေးတကြီး လိုအပ်မှသာ သုံးယောက်ထိ ခွင့်ပြုတာပါ။ ကျွန်မတို့ကိုယ်တိုင်ကလည်း လော့ဒေါင်းချထားတဲ့အဆောင်တွေကို ဘယ်သူ့ကိုမှ အပြင်ပေးမထွက်ဘူး” ဟု ဒေါ်ဥမ္မာခင်က ပြောသည်။

လတ်တလောတွင် COVID-19 ရောဂါပိုးတွေ့လူနာနှင့်ထိတွေ့ထားပြီး လက်ယက်စမ်းရွာတွင် သီးသန့်ထားရှိသည့် ဘိုးဘွားဦးရေမှာ ၁၂၃ ဦးနှင့် အိပ်ယာပေါ်တွင် နေထိုင်မကောင်းသည့် ဘိုးဘွား ၈ ဦးကျန်ရှိ‌ကြောင်း အဆိုပါ သီးသန့်ခွဲထားသည့် ဘိုးဘွားများကို လာမည့် နိုဝင်ဘာလ ၂၈ ရက်တွင် COVID-19 ပိုးစစ်ဆေးပေးသွားမည်ဖြစ်ကြောင်း ဒေါ်ဥမ္မာခင်ကပြောသည်။

လက်ရှိတွင် သန်လျင်သဘာဝတရားရိပ်သာ၌ အဆောင်ပေါင်း ၆၂ ဆောင်တွင် သက်ကြီးရွယ်အို ဘိုးဘွားပေါင်း ၁၇၅၀ ဦးရှိပြီး ရိပ်သာမှဝန်ထမ်းများအပါအဝင် ၂၉၃၃ ဦး ကို COVID-19 စစ်​ဆေးခဲ့ရာ ပိုး​တွေ့လူနာ စုစုပေါင်း ၄၇၄ ဦးတွေ့ရှိခဲ့သည်။ ထို့အပြင် ဆေးကုသမှု ခံယူနေသူ၂၆ ဦး၊ ရောဂါမှသက်သာလာ၍ ဆေးရုံဆင်းခွင့်ရှိသူ ၄၃၈ နှင့် သေဆုံးသူ ၁၀ ဦးရှိကြောင်း စုံစမ်းသိရသည်။

သတင်း – ထူးထူး /စံတော်ချိန်
ဓာတ်ပုံ – ကိုနန္ဒ