ဂျာမနီအဓိပတိရဲ့ ရုံးခန်းအဆောက်အအုံ ဂိတ်ပေါက်ဝကို ကားတစ်စီးဝင်တိုက်

ဂျာမနီအဓိပတိ အိန်ဂျလာမာကယ်ရဲ့ အစိုးရရုံးခန်းအဆောက်အအုံ ဂိတ်တံခါးကို ယမန်နေ့က မော်တော်ကားတစ်စီးဝင်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဝင်တိုက်တဲ့ ဗောက်စ်ဝက်ဂွန်အမျိုးအစားကားရဲ့ နံဘေးတစ်ဖက်စီမှာ ဂလိုဘယ်လိုက်ဇေးရှင်းနိုင်ငံရေးတွေ ရပ်တန့်ဖို့နဲ့ အစိုးရဟာ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေကို သတ်ဖြတ်သူတွေဖြစ်တယ်ဆိုတဲ့စာသားတွေကို ရေးသားထားကြောင်း ရိုက်တာသတင်းဓာတ်ပုံတွေအရ သိရပါတယ်။

ကားမောင်းလာတဲ့ အသက် ၅၄ နှစ်အရွယ်အမျိုးသားကို ဂျာမနီရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပေမယ့် အခုလို ဂိတ်တံခါးကို ကားနဲ့ဝင်တိုက်ရတဲ့အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဂျာမနီအစိုးရတာဝန်ရှိသူတွေကတော့ ကားတိုက်မှုကြောင့် အသေးစားပျက်စီးမှုတွေဖြစ်ခဲ့ပြီး ရုံးခန်းအတွင်းမှာ အဓိပတိမာကယ်နဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေ အန္တရာယ်တစ်စုံတရာမရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကိုးကား – ရိုက်တာ
သတင်း – ကိုဆွဲ(မုံရွာ)