ယူနိုက်တက်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကို အထူးဆုချီးမြှင့်ပေးအပ်ဖို့ BBC စီစဉ်

လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် BBC Sports Personality အခမ်းအနားမှာ အင်္ဂလန်နဲ့ မန်ချက်စတာယူနိုက်တက် လူငယ်တိုက်စစ်မှူး မားကပ်ရပ်ရှ်ဖို့ဒ်ကို အထူးဆုတစ်ခု ချီးမြှင့်ပေးအပ်ဖို့စီစဉ်ထားကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အသက် ၂၃ နှစ်ရှိ ရပ်ရှ်ဖို့ဒ်ဟာ ဗြိတိန်က ဆင်းရဲငတ်မွတ်နေတဲ့ကလေးသူငယ်ကို ထောက်ပံ့ကူညီရေး ဦးဆောင်လှုပ်ရှားခဲ့သူဖြစ်ပြီး ၎င်းရဲ့ကြိုးပမ်းမှုကြောင့် BBC ရဲ့ အထူးဂုဏ်ပြုဆုကို လက်ခံရရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် BBC Sports Personality အခမ်းအနားမှာ COVID-19 ကာလအတွင်း စာသင်ကျောင်းတွေမှာ ကလေးငယ်တွေကို အစားအစာထောက်ပံ့လှူဒါန်းဖို့ ကမ်ပိန်းလုပ်ကြိုးစားခဲ့ပုံတွေကို မှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ကူးပြသသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

BBC Sports Personality အခမ်းအနားကို ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။

ကိုးကား – BBC
သတင်း – ကိုဆွဲ(မုံရွာ)