တေလာဆွစ်ရဲ့ folklore (ဖော့ခလိုရီ) အယ်ဘမ်အချပ်ရေ ရောင်းချရမှု တစ်သန်းကျော်ရှိ

အမေရိကန်အဆိုတော် တေလာဆွစ်ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ဖော့ခလိုရီ (Folklore) တေးအယ်ဘမ်ဟာ ယခု ၂၀၂၀ ပြည့်နှစ်မှာ အမေရိကန်ဈေးကွက်အတွင်း ရောင်းအားအချပ်ရေတစ်သန်းပြည့်မြောက်တဲ့ ပထမဆုံးတေးအယ်ဘမ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

ဖောခလိုရီဟာ ယခုနှစ်၊ ဇူလိုင်လက ထွက်ရှိခဲ့တဲ့အယ်ဘမ်ဖြစ်ပြီး လက်ရှိအချိန်အထိ အချပ်ရေ ၁ ဒသမ ၀၃၈ သန်းအထိရောင်းချခဲ့ရပါတယ်။ ဒါ့ကြောင့် ဖော့ခလိုရီဟာ အမေရိကန်ရဲ့ ရောင်းအားအကောင်းဆုံးတေးအယ်ဘမ်များစာရင်း ဘီလ်ဘုတ်(Billboard 200) ရဲ့ ထိပ်ဆုံးကို ပြန်လည်ရောက်ရှိလာခဲ့ကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် ယမန်နှစ်က ထွက်ရှိတဲ့ တေလာဆွစ်ရဲ့ Lover တေးအယ်ဘမ်ဟာလည်း ၂၀၁၉ ခုနှစ်အတွင်း ရောင်းအားအချပ်ရေတစ်သန်းပြည့်မြောက်ခဲ့တဲ့ တစ်ခုတည်းသော တေးအယ်ဘမ်အဖြစ်လည်း မှတ်တမ်းဝင်ထားပါသေးတယ်။

ကိုးကား – Billboard
သတင်း – ကိုဆွဲ(မုံရွာ)