ရွေးကောက်ပွဲကော်မရှင်နှင့်ပတ်သက်၍ သမ္မတထံတောင်းဆိုမှု အကြောင်းမပြန်လျှင် ဥပဒေဘောင်အတွင်းမှ တဆုံးတဆလုပ်မည်ဟု ဦးခင်ရီပြော

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် ပါတီ ၁၉ ခုသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးပေးရန် နိုင်ငံတော်သမ္မတထံအိပ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုထားသော်လည်း အကြောင်းပြန်ကြားမှုမရှိသည့်အတွက် ဥပဒေဘောင်အတွင်းမှ တဆုံးတဆလုပ်မည်ဟု ယနေ့ (နိုဝင်ဘာ ၂၆ ရက်) တွင်ပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ သတင်းစာရှင်းလင်းပွဲတွင် ပါတီ၏ဒုတိယ ဥက္ကဋ္ဌ ဦးခင်ရီကပြောဆိုလိုက်သည်။

“ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို နိုင်ငံတော်သမ္မတကခန့်ထားတာ။ နိုင်ငံတော်အစိုးရကလည်း ဒါနဲ့ပတ်သက်လို့ UEC သည် သီးခြားလွတ်လပ်သော Independence body လို့ပြောသော်လည်းပဲ ဘာပဲပြောပြော တာဝန်ရှိနေပါတယ်။ ဒါမြန်မာနိုင်ငံ ၊ မြန်မာနိုင်ငံထဲမှာလုပ်နေတဲ့ရွေးကောက်ပွဲနော်။ မြန်မာအစိုးရနဲ့လုပ်နေတာ။ ခံစားတဲ့သူကလည်း ကျွန်တော်တို့မြန်မာနိုင်ငံသားတွေပဲ။ ကျွန်တော်တို့ တိုင်စရာမိဘက အစိုးရပဲရှိတယ်။ ကျွန်တော်တို့ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အကြီးဆုံးက နိုင်ငံတော်သမ္မတပဲဆိုတော့ နိုင်ငံတော်သမ္မတကို ကျွန်တော်တို့တိုင်တည်ပြီးတော့ စာတင်တယ်။ ဘာမှပြန်မလာဘူး။ ဘာမှပြန်မလာတော့ ဘာဆက်လုပ်မလဲဆိုတော့ ဥပဒေဘောင်အတွင်းမှာ ခုနက ကျွန်တော်ပြောသွားပြီးပါပြီ ။ တဆုံးတဆ ကျွန်တော်တို့လုပ်ပါ့မယ်။ ဘာဆိုတာတော့ ကျွန်တော်မပြောပါရစေနဲ့” ဟု ၎င်းကပြောသည်။

ယခုပြုလုပ်သော သတင်းစာရှင်းလင်းပွဲသည် ရွေးကောက်ပွဲရလဒ်ပြောင်းခြင်း၊ မပြောင်းခြင်းထက် အထွေထွေရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံး တရားမျှတမှုမရှိခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်းကို ရှင်းလင်းတင်ပြရခြင်းဖြစ်ပြီး ရလဒ်ပြောင်းလဲမှုအခြေအနေကို ဆုံးဖြတ်ပေးသော ပုဂ္ဂိုလ်မှ သမာသမတ်ရှိရှိဆုံးဖြတ်လျှင် ရလဒ်ပြောင်းလဲသွားနိုင်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ အဆင့်ဆင့်သွားနေပါတယ်။ ဒါပထမပိုင်းက ကျွန်တော်တို့ ဥပဒေဘောင်ထဲကအတိုင်း ကျွန်တော်တို့ဆောင်ရွက်နေတာပါ။ ကျွန်တော်တို့ဟာ ဥပဒေဘက်တော်သားတွေဖြစ်ပါတယ်။ ဥပဒေဘောင်အတွင်းနေထိုင်ခြင်း ဘေးကင်းရန်ကွာ လွန်ချမ်းသာဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားတဲ့ နိုင်ငံရေးပါတီတွေဖြစ်ပါတယ်။ အခုပထမအဆင့် တရားမဲ့ပြုကျင့်တာတွေနဲ့ပတ်သက်လို့ ညွန်ကြားချက်တွေအတိုင်း Police Case က Police ကိုတင်တယ်။ UEC က UEC ကိုတင်တယ်” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီကပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၀၂၀ အထွေရွေးကောက်ပွဲအတွင်း တရားမမျှတမှု ဖြစ်စဉ်များအဖြစ် ရဲအရေးပိုင်သောအမှု ၁၂၆ မှုနှင့် ရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်သောအမှု ၁၀၄၂ မှုတို့ကို သက်ဆိုင်ရာဌာနများအလိုက် တင်ပြထားကြောင်း၊ ကိုယ်တိုင်စစ်ဆေးလိုသော ဒုတိယအဆင့် ပုံစံ ၁၊ ပုံစံ ၁၆(၁) ၊ပုံစံ ၁၉ တို့ကိုတောင်းခံသော်လည်း မပေးခဲ့သည့်အတွက် တတိယအဆင့်အနေဖြင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ၇ ရက်အတွင်း ဖွဲ့စည်းပေးရန်နှင့် ရက် ၆၀ အတွင်း စစ်ဆေးပေးရန် နိုင်ငံရေးပါတီ ၁၉ ပါတီဖြင့် တောင်းဆိုထားကြောင်း၊ သို့သော် ပြန်ကြားမှုမရှိသည့်အတွက် နိုင်ငံတော်သမ္မတထံ ထပ်မံတောင်းဆိုထားရခြင်းဖြစ်ကြောင်း အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ဦးခင်ရီက ထည့်သွင်းပြောဆိုခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကျင်းပရန် ဝတ္တရား ပျက်ကွက်ခဲ့သည့်အတွက် သမ္မတ၏တာဝန်နှင့် လုပ်ပိုင်ခွင့်အရ စုံစမ်းစစ်ဆေးအရေးယူပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၉ ခုက နိုဝင်ဘာလ ၂၄ ရက်က နိုင်င်ငံတော်သမ္မတထံ အိတ်ဖွင့်စာပေးပို့ထားကြောင်း သိရသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲကို ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကကရက်တစ်ပါတီ စသည့်ပါတီတို့က ယနေ့(နိုဝင်ဘာ ၂၆ ရက်) တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့ရှိ သံလွင်လမ်း၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သတင်း – နေမင်းကျော်/စံတော်ချိန်